နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာရေး ဆရာတစ်ဦးကို နယ်ခြားစောင့်ရဲ များက ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်

Rohingya Eye
RB News
8.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ဒိုးတန်း (လူးဒိုင်းန်) ကျေးရွာမှ မော်လ၀ီ ကော်လိမ်မူလ္လာ (ဘ) ဦးဆွေယောဒ်ကော်ရိမ်း (အသက် ၃၅ နှစ်) သည် အာရဗီစာ ကျူရှင်ပြ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ စက်တင်ဘာလ (၆) ရက်နေ့ နံနက် (၁) နာရီ အချိန်တွင် ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များက ၎င်း၏ အိမ်ကို ၀န်းရံကာ နယ်မြေရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

၎င်းအား တရားမ၀င် အဖွဲ့အစည်းများနှင့် ဆက်သွယ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်ပြီး၊ နယ်ခြားစောင့်ရဲ များက လွှတ်ပေးရန် အတွက် ငွေကျပ် သိန်း (၅၀) တောင်းခံခဲ့သည်။ ၎င်းက ငွေကျပ် သိန်း (၅၀) ပေးရန် မတတ်နိုင်ကြောင်း ပြောသောအခါ နယ်ခြားစောင့်ရဲ များက လူမဆန်စွာ နေ့ည ညှဉ်းပန်း နှိပ်စက်ခဲ့သည်။ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဦးခေါင်းနှင့် ကျောဘက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

နယ်ခြားစောင့်ရဲ များ၏ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို မခံနိုင်တော့သဖြင့် ယနေ့ စက်တင်ဘာလ (၈) ရက်နေ့ ည (၈) နာရီ အချိန်တွင် ငွေကျပ် (၁၅) သိန်းပေး၍ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကြောင့် လမ်းမလျှောက်နိုင်သောကြောင့် ထမ်း၍ အိမ်သို့ ခေါ်ဆောင်လာရပြီး၊ ယခုအခါ ပြင်ပဆေးခန်းတွင် ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက် ပြောသည်။

မော်လ၀ီ ကော်လိမ်မူလ္လာ သည် ရွာတွင် အများ ကြည်ညို လေးစားမှုကို ခံရသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး၊ မည်သည့် တရားမ၀င် အဖွဲ့အစည်းနှင့်မှ အဆက်အသွယ် မရှိကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။ နယ်ခြားစောင့်ရဲများက ငွေညှစ်ရန် လုပ်ကြံ စွပ်စွဲခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

ဒီမိုကရေစီ အစိုးရ လက်ထက်တွင် စစ်အစိုးရ လက်ထက်ကနှင့် မထူးမခြားနား ဖြစ်နေသဖြင့် အစိုးရ အနေဖြင့် ထိရောက်စွာ ကိုင်တွယ် ဖြေရှင်း ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus