နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော အုပ်ချုပ်ရေးမှူးက ကုရ်ဘာနီကို သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု ပြောဆို

Rohingya Eye
RB News
9.9.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့် သည် စက်တင်ဘာလ (၈) ရက်နေ့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ခံများကို ဆင့်ခေါ်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမဆောင်တွင် အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ကုရ်ဘာနီ သားကောင်များကို သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု မှာကြားရာ၊ မြို့ပေါ် ရပ်ကွက်မှ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး တစ်ဦးက ကုရ်ဘာနီ သားကောင်များကို သတ်မှတ် ထားသည့် နေရာတွင် လုပ်ရမည်ဆိုရပါက အခက်အခဲများ ရှိလာမည် ဖြစ်ကြောင်း၊ ပုဒ်မ (၁၄၄) ရှိသည့် အတွက် လူ (၅) ဦးထက် ပိုမစုအမိန့်နှင့်လည်း ကိုက်ညီမည် မဟုတ်ကြောင်း၊ သားကောင်တစ်ကောင် အတွက် လူ (၄) ဦး လိုအပ်ကြောင်း၊ အားလုံး စုပေါင်း၍ တစ်နေရာတွင် လုပ်ရမည် ဆိုပါက လူအစုအဝေး ဖြစ်လာမည် ဖြစ်ကြောင်း၊ အားလုံးတွင် ဓါးများလည်း ပါလာမည် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် နေရာသို့ သွားလာသည့် အချိန်တွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလာမည်ကို စိုးရိမ်မိပါကြောင်း၊ မိမိတို့၏ ခြံမြေများတွင်သာ ယခင်နှစ်များက အတိုင်း လုပ်မည်ဆိုလျှင် ပို၍ သင့်တော်မည် ဖြစ်ကြောင်း ပြန်လည် တင်ပြခဲ့သည်။

ခေတ်အဆက်ဆက် အစိုးရများ လက်ထက်တွင် ကုရ်ဘာနီ သားကောင်များကို မိမိတို့၏ ခြံမြေများတွင် လုပ်ခဲ့ပြီး၊ ယခုနှစ်တွင် သတ်မှတ်ထားသည့် နေရာတွင်သာ လုပ်ရမည်ဟု ပြောဆိုလာခြင်း ဖြစ်သည့်အတွက် မောင်တောမြို့မှ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များ အလွန် အံ့သြလျက် ရှိနေကြသည်။

“မြို့ကြီးတွေမှာ ခြံမြေ အလွတ်မရှိလို့ သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ရတာ သဘာဝကျတယ်။ ကျွန်တော်တို့ မောင်တောမြို့က မြို့ကြီးလည်း မဟုတ်ဘူး။ အားလုံး လိုလိုမှာ ခြံမြေ အလွတ် ရှိကြတယ်။ နှစ်စဉ်နှစ်တိုင်း ကိုယ့်ခြံထဲမှာဘဲ လုပ်လာတာ။ အခု သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ရမယ် ဆိုရင် မလုပ်တာသာလျှင် ပိုကောင်းမယ်။ ဟိုမှာ ရဲအစောင့်တွေရှိမယ်။ အသားတွေကို အိမ်သယ်တဲ့ အခါမှာ အခက်အခဲ ပေါင်းစုံ ကြုံတွေ့ လာမယ်” ဟု မြို့ခံ ဒေသခံ ရိုဟင်ဂျာတစ်ဦးက RB News သို့ပြောပါသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အစည်းအဝေး ပြုလုပ်တိုင်း ၎င်းသည် ပြည်ခိုင်ဖြိုး ပါတီ၏ သစ္စာခံ တစ်ဦး ဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ ရှိသည်။

မြို့ခံ တက်ကြွလှုပ်ရှားသူ တစ်ဦးက “ဦးလှမြင့်ရဲ့ လုပ်နည်းလုပ်ဟန်တွေက လက်ရှိ အစိုးရရဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှု မရှိဘဲ၊ ယခင် ဦးသိန်းစိန် အစိုးရလက်ထက်က မူဝါဒ အတိုင်း ဆက်သွားနေတယ်။ ယခင် အစိုးရ မရှိတော့ပေမယ့် အဲဒီ အစိုးရရဲ့ မူဝါဒတွေကို ဆက်လက် အကောင်အထည် ဖော်နေတယ်။ သူက ဖိနှိပ်မှုနဲ့ ဘက်လိုက်တဲ့ အုပ်ချုပ်ရေး စနစ်ကို ကျင့်သုံးနေတယ်။ အခုသူ့လက်ထက်မှာ ရိုဟင်ဂျာတွေရဲ့ လယ်မြေတွေကို အတင်းအဓမ္မ သိမ်းတာတွေ လုပ်နေတဲ့ အပြင်၊ အခု ကုရ်ဘာနီကိုလည်း သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ခိုင်းပြီး ပဋိပက္ခ တစ်ခုခု ဖန်တီးဖို့ အကွက်ကျကျ စီစဉ်နေတယ်လို့ ထင်ရတယ်။ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်ပွားလာရင် အစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေလည်း ပျက်ပြားသွားမယ်ဆိုပြီး တမင် ရည်ရွယ်ပြီး လုပ်နေတယ်လို့ ထင်ရတယ်။ အဲဒါကြောင့် တာဝန်ရှိတဲ့ အာဏာပိုင်တွေ အနေနဲ့ သေချာ စုံစမ်းပြီး အမြန်ဆုံး တားမြစ်ပေးဖို့ လိုပါတယ်။” ဟု ပြောပါသည်။




Comment ရေးရန်

Rohingya Exodus