နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် တည်ငြိမ်ခဲ့သော်လည်း ၀ပိတ်မှ အိမ်တစ်လုံးနဲ့ တဲများ မီးရှို့ခံရ၊ လုယက်မှုများရှိ

RB News
16.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေအနေ တည်ငြိမ်မှု ရှိခဲ့သော်လည်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာမှ အိမ်တစ်လုံးနှင့် တဲအချို့ ကို စစ်သားများက မီးရှို့ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့ပေါ်တွင် ယနေ့ အောက်တိုဘာလ (၁၆) ရက်နေ့တွင် တည်ငြိမ်မှု ရှိခဲ့ပြီး၊ နံနက်ပိုင်းတွင် ရွာအချို့၌ တစ်အိမ်တက်တစ်အိမ်ဆင်း စစ်ဆေးမှုများ ရှိခဲ့သည်။

ည ၆း၂၅ နာရီ အချိန်တွင် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ပိတ်ရွာမှ အိမ်တစ်လုံးနှင့် ပုဇွန်ကန်များရှိ တဲ ၅ လုံးခန့်ကို စစ်သားများက မီးရှို့ခဲ့သည်။

“အခြေအနေ အားလုံးက တည်တည်ငြိမ်ငြိမ်ပါပဲ။ ည ၆ နာရီ ၂၅ မှာ ၀ပိတ်က အိမ်တစ်လုံးနဲ့ ည ၆ နာရီကျော်ကျော်လောက်မှာ ၀ပိတ်ကနေ တစ်မိုင်နီးနီး အကွာအဝေးမှာ ရှိတဲ့ ပုဇွန်ကန်က တဲ ၅ လုံးလောက်ကို စစ်သားတွေက မီးရှို့လိုက်ပါတယ်” ဟု မီးကို လှမ်းမြင်နေရသူ တစ်ဦးက RB News သို့ဖုန်းဖြင့် ပြောသည်။

ရေမျက်တောင် ကျေးရွာအုပ်စု၊ နွားရုံတောင်ကျေးရွာသို့ ယမန်နေ့ အောက်တိုဘာလ (၁၅) ရက်နေ့ ည ၇ နာရီ အချိန်မှ ယနေ့ အောက်တိုဘာလ (၁၆) ရက်နေ့ နံနက် (၁) နာရီထိ လက်နက်ကိုင် အာဏာပိုင်များ ၀င်ရောက်၍ တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးခဲ့ပြီး အမျိုးသမီးများ ၀တ်ဆင်ထားသည့် အဖိုးတန် ရွှေရတနာများ ချွတ်၍ လုယက်ခြင်း၊ အမျိုးသားများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

သတင်းအချက်အလက် အချို့ကို MYARF မှ ပေးပို့သည်။ 


တဲများမီးလောင်နေသည်ကို လှမ်းမြင်နေရစဉ် (Photo: RB News)
ဝပိတ်ရွာမှ အိမ်တစ်လုံး မီးလောင်နေစဉ် (Photo: RB News)

Comment ရေးရန်

Rohingya Exodus