နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် သပြေတောမှ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကြောင့် ဒေသခံများ ဒုက္ခရောက်နေသည်ဟုဆို

RB News
2.10.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် သပြေတောကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကြောင့် ဒေသခံများက ဒုက္ခရောက်နေသည်ဟု သိရသည်။

သပြေတောရွာမှ ဦးမာမောက်တာဆောင်း (ဘ) ဦးအဒူဇော်လီ၊ ဦးမာမောက်ဆွေယော (ဘ) ဦးဆီဒီ၊ ဦးအဘူဆာဟတ် (ဘ) ဦးဆုလ်တာန်နှင့် ဦးရှုနာမျာ (ဘ) ဦးမီရာမောတ် တို့သည ပိုက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ စက်တင်ဘာလ (၂၇) ရက်နေ့က ဦးရှုနာမျာ၏ ပိုက်နှင့် လှေအခိုးခံခဲ့ရာ၊ ၎င်းက စက်တင်ဘာလ (၂၈) ရက်နေ့တွင် ၎င်း၏ ပိုက်နှင့်လှေကို ဦးမာမောက်တာဆောင်းမှ ခိုးခဲ့သည်ဟု စွပ်စွဲ၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားခဲ့သည်။

တိုင်ကြားမှုနှင့် ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမောင်၊ ရာအိမ်မှူး ဦးတော်ဘာရောအုလ္လာ (ဘ) ဦးအဘူလာဖနှင့် ဦးအဘူလာဖ (ဘ) ဦးအစ္စလာမ် တို့ပူးပေါင်း၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ကြပ် ကျော်ရှေ၊ ရဲတပ်ကြပ်ဘသန်းနှင့် ရဲတပ်သား တို့ကို ခေါ်ဆောင်လာပြီး ဦးမာမောက်တာဆောင်း (ဘ) ဦးအဒူဇော်လီ ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် ဦးမာမောက်ဆွေယောနှင့် ဦးအဘူတာဟတ် တို့ကို လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် သေနတ်ပစ် ခြိမ်းခြောက်၍ ဖမ်းဆီးရန် ကြိုးစားသော်လည်း မမိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ခိုးမှုနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိသည့် မအန်န၀ါ (ဘ) ဦးအူလာမီယာ ကို ဖမ်းဆီး၍ အခိုးခံရသည့် ဦးရှုနာမျာ၏ လှေနှင့် ပိုက်ကို ဦးမာမောက်တာဆောင်း၊ ဦးမာမောက်ဆွေယောနှင့် ဦးအာဘူတာဟတ် တို့က ခိုးခဲ့သည်ကို မြင်ခဲ့ကြောင်း အတင်းအဓမ္မ ထွက်ဆိုခိုင်းခဲ့သည်။ မအန်န၀ါက မမြင်ခဲ့သည်ကို မြင်ခဲ့သည်ဟု ၀န်မခံနိုင်ကြောင်း ပြောသဖြင့် လက်ထိပ်ခတ်၍ လူမဆန်စွာ ရိုက်နှက်ပြီး၊ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ၀န်ခံခိုင်းခဲ့သည်။ ၀န်ခံနေသည်ကို ဗီဒီယို ရိုက်ကူး၍ မှတ်တမ်းတင်ပြီးနောက် ပြန်လည် လွှတ်ပေးခဲ့သည်။

ပိုက်နှင့်လှေ အခိုးခံရသူ ဦးရှုနာမျာက အမှုမဖွင့်လိုသော်လည်း ဦးမာမောက်တာဆောင်း၊ ဦးမာမောက်ဆွေယောနှင့် ဦးအဘူတာဟတ် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများက လှေနှင့် ပိုက်ခိုးမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ထွက်ပြေးသွားသူ ဦးအာဘူတာဟတ်၏ ပိုက်နှင့် လှေကို သိမ်းဆည်းလိုက်ပြီး ရာအိမ်မှူး ဦးတောဘာရောအုလ္လာ၏ အိမ်တွင် သိမ်းထားကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမောင်နှင့် အဖွဲ့သည် ပြဿနာတစ်ခုကို ပြေလည်အောင် ဥပဒေနှင့် အညီ နည်းလမ်းမှန်ဖြင့် ဖြေရှင်းပေးရမည့် အစား နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ရွာသားများကို အမြဲတစေ ဒုက္ခပေးလေ့ ရှိသည်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်စာ ရသည့်နေ့မှစ၍ ယနေ့တိုင် ဖြစ်သည်ဟု ဆိုသည်။



Comment ရေးရန်

Rohingya Exodus