နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် တောင်ဘဇာတွင် ရိုဟင်ဂျာများ၏ နေအိမ်ခြံစည်းရိုးများ ဖျက်ရန် အမိန့်ပေး


RB News
21.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ ကျေးရွာအုပ်စုရှိ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များမှ ခြံစည်းရိုးများ ဖျက်ပစ်ရန် စစ်တပ်နှင့် မြို့နယ် အုပ်ချုပ်ရေးမှ အမိန့်ပေးလိုက်ကြောင်း သတင်း ရရှိပါသည်။

“တောင်ဘဇာ၊ ပေါက်တောပြင်ရွာမှာ ရှိတဲ့ အိမ်တွေရဲ့ ခြံစည်းရိုးတွေ အားလုံး ဖြုတ်ခိုင်းလိုက်တယ်။ သူတို့ရဲ့ အမြင်မှာ အိမ်တွေဘဲ မြင်နေရပြီး၊ ခြံစည်းရိုး လုံးဝ မရှိစေရဘူး ဆိုတဲ့ အမြင်ဖြစ်အောင် ဖြုတ်ဖို့ စစ်တပ်နဲ့ ထွေအုပ်က အမိန့်ပေးလို့ အကုန်ဖြုတ်လိုက်ရပြီ၊ ကျန်တဲ့ ရွာအချို့မှာလည်း ဖြုတ်ခိုင်းတာ ရှိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင်လည်း ရွာအများအပြားမှ ရိုဟင်ဂျာနေအိမ်များ၏ ခြံစည်းရိုးများကို ဖျက်ရန် အောက်တိုဘာလ (၁၅) ရက်နေ့တွင် အမိန့်ပေးခဲ့သည်။

“မနေ့က ကျွန်တော်တို့ ကျီးကန်းပြင် တောင်ရွာမှာလည်း တစ်အိမ်မကျန် ခြံစည်းရိုးတွေ အကုန်ဖျက်ခိုင်းတယ်” ဟု ကျီးကန်းပြင်မှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ ညနေပိုင်းတွင် ဘူးသီးတောင် အခြေစိုက် ဗျူဟာမှူးက မောင်ကြီးတောင်၊ တပ်မင်းချောင်း၊ ကျောက်ဖြူတောင်၊ လက်ဝဲဒက်ပုဇွန်ချောင်း၊ လက်ဝဲဒက်ပြင်ချေ စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကို ရိုဟင်ဂျာများ၏ နေအိမ်များမှ ခြံစည်းရိုးများ ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။

အလားတူ ယင်းနေ့တွင်ပင် မောင်တောမြို့နယ် အခြေစိုက် တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးက ကြိမ်ချောင်း၊ အောင်စစ်ပြင်၊ လောင်းဒုံနှင့် မြို့မိချောင်း ကျေးရွာများရှိ ရိုဟင်ဂျာ နေအိမ်များမှ ခြံစည်းရိုးများ ဖျက်ပစ်ရန် အမိန့်ပေးခဲ့သည်။


MYARF နှင့် Rohingya Eye တို့မှ သတင်းအချက်အလက် ပေးပို့သည်။



Comment ရေးရန်

Rohingya Exodus