နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ဒုတိယမြောက် ကျင်းတစ်ခု ရှာဖွေတွေ့ရှိ

MYARF
RB News
12.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်တန်း (မြို့မ) ကျေးရွာတွင် စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ဒုတိယမြောက် ကျင်းတစ်ခုကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းရရှိပါသည်။


အဆိုပါ အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းမှာ မောင်တောမြို့နယ်၊ ကညင်တန်း (မြို့မ) ကျေးရွာရှိ အရှေ့ဗလီ၏ တောင်ဖက်၌ တည်ရှိသော ရိုဟင်ဂျာမွတ်စလင် သင်္ချိုင်းတွင်ဖြစ်သည်။

၁ ဒါဇင်ခန့် ရှိမည်ဟု ယူဆရသော အလောင်းများကို အောက်တိုဘာလ (၁၀) ရက်နေ့၊ ည (၁၂) နာရီခန့် အချိန်တွင် စစ်သားများက ကား ၅ စီးဖြင့် သယ်ယူလာပြီး မြုပ်နှံခဲ့ခြင်း ဖြစ်သည်။ 

ကားငါးစီးဖြင့် ရောက်လာသည့် စစ်သားများသည် ဦးစွာ သင်္ချိုင်း ပတ်ပတ်လည်ကို ဝိုင်း၍ လုံခြုံရေး ယူခဲ့သည်။ ထို့နောက် ဗလီခြံဝင်း၏ အဝင်တံခါးသော့ကိုရိုက်ချိုး၍ ကားတစ်စီးဖြင့် သင်္ချိုင်းအတွင်းသို့ မောင်းဝင်သွားကာ အလောင်းများကို သင်္ချိုင်း၏ ဒေါင့်တစ်နေရာတွင် မြှပ်နှံခဲ့ခြင်း ဖြစ်သည်။ ကားပေါ်မှ ချ၍ အလောင်းသယ်ဆောင်သွားရာ နေရာ တစ်လျှောက်၌ သွေးများပေကျံနေသည်ကိုလည်း တွေ့ရှိရသည်။

အလောင်းများကို ပီနံအိတ်ဖြင့် ထုပ်ပိုး၍ မြုပ်နှံခဲ့ခြင်း ဖြစ်ပြီး မြုပ်နှံသည့်နေရာကို ကြည့်ခြင်းအားဖြင့် အလောင်း တစ်ဒါဇင်ခန့် ရှိမည်ဟု ယူဆရပြီး မည်သူမည်ဝါများ ဖြစ်သည်ကို တူးဖော်၍ ကြည့်မရသေးသဖြင့် မသိရှိရသေးပေ။ ကျင်း၏ အပေါ်ပိုင်းမှ မြေများကို ဖယ်ကြည့်သောအခါ ပထမဆုံး အလောင်းကို တွေ့ရှိပြီး လုံခြုံရေးအခြေအနေအရ ဆက်လက်တူးဖော်နိုင်ခြင်း မရှိကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ယင်းနေ့ နံနက်ပိုင်းတွင် စစ်သားများက မြို့သူကြီးကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသား (၇) ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အလောင်း (၄) လောင်းကို ကားဖြင့် သယ်ဆောင်သွားခဲ့သည်။ 

စစ်သားများက ၎င်းတို့ ပစ်ခတ်သတ်ဖြတ်သည့် အလောင်းများကို မွတ်စလင်သင်္ချိုင်းနေရာတွင် လာရောက်မြုပ်နှံခဲ့သည့် အကြောင်းရင်းကို စဉ်းစားရခက်နေသည်ဟု အဆိုပါ ဒေသခံကပြောပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင်လည်း ဒေသခံ အာဏာပိုင်များက ရိုဟင်ဂျာ အမြောက်အမြားကို ပစ်ခတ်၊ ရိုက်နှက် သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြုပ်နှံခဲ့သော်လည်း ရိုဟင်ဂျာရွာနှင့် ဝေးသည့် နေရာများတွင်သာ မြုပ်နှံခဲ့သည်ကို တွေ့ရှိရသည်။ ယခုအခါ မွတ်စလင်သင်္ချိုင်းသို့ လာရောက် မြုပ်နှံခဲ့သည့် စစ်သားများ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရခက်နေသည်ဟု ဆိုသည်။

ဒေသခံများက စစ်သားများ၏ ဤကဲ့သို့ ထူးဆန်းသည့် လုပ်ရပ်နှင့်ပတ်သက်၍ အင်မတန်စိုးရိမ် နေကြသည်။ 

အောက်တိုဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို အစုလိုက်အပြုံလိုက် မြှပ်နှံထားသည့် ကျင်းတစ်ကျင်းကို ရှာဖွေတွေ့ရှိခဲ့သည်။







(ဓါတ်ပုံများမှာ MYARF/RB News မှ ရိုက်ကူးထားသည့် ဓါတ်ပုံများ ဖြစ်သည်)

Comment ရေးရန်

Rohingya Exodus