နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အမျိုးသမီးကြီးနှင့် ရိုဟင်ဂျာလူငယ်နှစ်ဦး စကားများခြင်းသာဖြစ်ပြီး၊ မုဒိန်းကျင့်ရန် ကြံစည်သည်ဟု ၀ါဒဖြန့်ခြင်းသာဖြစ်

MYARF
RB News
5.10.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် စေတီတောင် ကျေးရွာအုပ်စု၊ ဘော်လီကျေးရွာမှ ဒေသခံ ရိုဟင်ဂျာလူငယ် (၂) ဦးနှင့် ဖား၊ ခရု၊ မြွှေ ရှာနေသည့် နွားရုံတောင်ရွာမှ ရခိုင် အမျိုးသမီးတစ်ဦး တို့သည် အောက်တိုဘာလ (၃) ရက်နေ့ နံနက် ၁၀း၃၀ နာရီခန့် အချိန်တွင် အပြန်အလှန် စကားများခဲ့သည်။ 

စကားများနေစဉ် အသက် (၅၇) နှစ် အရွယ်ရှိ ရခိုင်အမျိုးသမီးကြီးက မနီးမဝေးရှိ ၎င်းနှင့်အတူ ဖား၊ ခရု ရှာရန် လိုက်ပါလာသည့် ရခိုင်ရွာသား (၄) ဦးကို အော်ဟစ်၍ ခေါ်လိုက်ရာ၊ ရိုဟင်ဂျာလူငယ် နှစ်ဦးက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးသွားခဲ့သည်။ 

ထို့နောက် ရခိုင်အမျိုးသမီးကြီးနှင့် ရခိုင်ရွာသားတို့သည် ၎င်းတို့၏ ရွာသို့ ပြန်သွားပြီး အမျိုးသမီးကြီးကို ရိုဟင်ဂျာ (၎င်းတို့ အခေါ် ကုလား) နှစ်ယောက်က မုဒိန်းကျင့်ရန် ကြံစည်ပြီး ကိုယ်ထိလက်ရောက် စော်ကားနေစဉ် ၎င်းတို့ကို အော်ဟစ် အကူအညီတောင်းသဖြင့် ရိုဟင်ဂျာလူငယ်များ ထွက်ပြေးသွားခဲ့သည်ဟု ရခိုင်ရွာသား (၄) ဦးက ရွာအတွင်း ချဲ့ထွင်၍ ပြောဆိုသည့်အပြင် နွားရုံတောင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် တာဝန်ကျနေသည့် တပ်ဖွဲ့ဝင်များကိုပါ သွေးထိုးလှုံ့ဆော် ပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ 

နေ့လည် ၂း၃၀ နာရီအချိန်တွင် ရခိုင်အမျိုးသမီးကြီးနှင့် စကားများခဲ့သည့် ရိုဟင်ဂျာလူငယ်နှစ်ဦးကို နွားရုံတောင်ရွာမှ ရခိုင်ရွာသား အချို့နှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီးရန် ဘော်ဘီရွာသို့ သွားနေစဉ် မိမိတို့၏ လယ်ကွင်းမှ စပါးစိုက်ခင်း ကြည့်ရန် သွားနေသည့် ဘော်လီရွာသား ဦးအီနုစ် (ဘ) ဦးကာဒဲရ်ဟူစိန်း (အသက် ၅၀ နှစ်) နှင့် သားဖြစ်သူ အလီဟူစိန်း (အသက် ၂၀ နှစ်) တို့ကို ချောင်းကူးရန်အတွက် အကူအညီ တောင်းကြရာ သားအဖနှစ်ဦးက ကြည်ဖြူစွာ ကူညီပေးခဲ့သည်။ ထို့နောက် သားအဖ နှစ်ဦးကို ရခိုင်ရွာသားများနှင့် နယ်ခြားစောင့်ရဲများက ရခိုင်အမျိုးသမီးကြီးနှင့် ရိုဟင်ဂျာလူငယ် နှစ်ဦးတို့၏ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမေးမမြန်းရာ တစ်စုံတစ်ရာမသိရှိပါ ဟု ဖြေဆိုသောကြောင့် ရခိုင်ရွာသားများက လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ပြီး ဘူးသီးတောင် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ 

ယင်းနေ့ ညနေ ၄း၃၀ နာရီအချိန်ခန့်တွင် ဆင်သေပြင် ကျေးရွာမှ မိမိရွာသို့ ပြန်နေသည့် ဘော်လီရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးမာမတ်ရှာကဲရ် (ဘ) ဦးအာနို (အသက် ၄၀ နှစ်) ကို နွားရုံတောင်ရွာမှ ရခိုင်ရွာသားများ အဆိုပါ ဖြစ်စဉ်ကို အငြိုးထား၍ တုတ်ဖြင့် ခေါင်းကို ရိုက်ကြရာ၊ ခေါင်းကွဲသွားခဲ့ပြီး၊ ယခုအခါ စေတီပြင်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒေသခံတစ်ဦးက “ဟုတ်ကဲ့ .. အဲဒီ ရခိုင်အမျိုးသမီးက ကောင်လေးနှစ်ယောက်ရဲ့ စပါးခင်းထဲကို ၀င်ပြီးတော့ ဖားတွေ ခရုတွေ ရှာနေတာ၊ အဲလိုရှာနေတော့ စပါးပင်တွေ ဖျက်ဆီးသလို ဖြစ်နေလို့ စပါးပင်တွေ မဖျက်ဆီးဖို့ ကောင်လေးနှစ်ယောက်က ပြောရင်းနဲ့ အပြန်အလှန် စကားများခဲ့တယ်။ အဲဒီမှာ အမျိုးသမီးကြီးက သူနဲ့အတူ ပါလာတဲ့ ရခိုင်ရွာသားတွေကို လှမ်းအော်တော့ ကောင်လေးနှစ်ယောက် ကြောက်ပြီး ထွက်ပြေးသွားခဲ့တယ်။ စကားများတာသာ ရှိခဲ့တာပါ။ မုဒိန်းကျင့်ဖို့ ကြံစည်ခဲ့တယ်ဆိုတာ တမင်တကာ ပြဿနာ ဖြစ်အောင် ဖန်တီးနေတာပါ” ဟု ပြောသည်။ 

အခြားဒေသခံတစ်ဦးက “မောင်တော၊ ဘူးသီးတောင် အပါအ၀င် ရခိုင်ပြည် နေရာအနှံ့မှာ ရခိုင်၊ မြို၊ သက်တွေလို တိုင်းရင်းသားတွေက ရိုဟင်ဂျာရွာတွေတင်မက ရိုဟင်ဂျာများရဲ့ ခြံဝင်းထဲကို လုံးဝ အသိမပေးဘဲ ၀င်ပြီး ဖား၊ မြွှေနဲ့ အခြားပိုးမွှားတွေ ရှာတာ အဆန်းတော့ မဟုတ်တော့ဘူး။ အချိန်မတော် ခြံဝင်းထဲ ၀င်ပြီး အနှောက်ယှက်ပေးတယ်၊ ဘာမှ ပြောလို့မရဘူး၊ ပြောရင်လည်း စခန်းကို မဟုတ်တာတွေ သွားတိုင်ကြတယ်” ဟု ပြောသည်။ 

အသက် (၅၇) နှစ် အရွယ်ရှိ ရခိုင်အမျိုးသမီးကြီးနှင့် ရိုဟင်ဂျာလူငယ် နှစ်ဦးတို့သည် အပြန်အလှန် စကားများခဲ့ခြင်းသာ ဖြစ်ပြီး၊ မုဒိန်းကျင့်ရန် ကြံစည်ခြင်းမှာ လုံးဝ မဟုတ်ကြောင်း ဒေသခံများက တစ်ညီတစ်ညွတ်တည်း ပြောဆိုနေကြသည်။ 

ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းနေသည့် အခြေအနေကို ဆူပူမှုများ ဖြစ်ပွားအောင် တမင်ဖန်တီး၍ ၀ါဒဖြန့် နေခြင်းဖြစ်ပြီး၊ ရခိုင်ရွာသားများက ဘော်လီရွာကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ အချို့က ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus