နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်း အခြေအနေ ပြန်လည် ဆိုးရွားလာ၊ စစ်တပ်၏ ပစ်ခတ်မှု ရိုက်နှက်မှုကြောင့် နှစ်ဦး သေဆုံး

RB News
19.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် အခြေအနေများ အနည်းငယ် တည်ငြိမ်ခဲ့ပြီး၊ စစ်သားများက လုယက်မှုများ ရှိခဲ့သော်လည်း ယနေ့ အခြေအနေမှာ တစ်ဖန်ပြန်၍ ဆိုးရွားလာကြောင်း၊ စစ်သားများ၏ ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးခဲ့ရပြီး၊ ရိုက်နှက်မှုကြောင့် တစ်ဦး သေဆုံးကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း အခြေအနေ တည်ငြိမ်မှု အနည်းငယ် ရှိခဲ့သော်လည်း ပြန်လည် ဆိုးရွားလာနေသည်။ စစ်တပ်က မီးတင်ရှို့မှုများ မပြုလုပ်တော့သော်လည်း အပြစ်မဲံ ရွာသားများကို သေလုမျောပါး ရက်ရက်စက်စက် ရိုက်နှက်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများ ဆက်လက်၍ ကျူးလွန်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

မောင်တော မြောက်ပိုင်းရှိ ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို တစ်ရွာမှ တစ်ရွာသို့ သွားလာခွင့် လုံးဝ ပိတ်ပင်ထားပြီး၊ ဆေးဝါး အပါအ၀င် အစာရေစာ ပြတ်လတ်မှုနှင့် စတင်ကြုံတွေ့ နေရသောကြောင့် အခက်အခဲ ပေါင်းစုံ ကြုံတွေ့လျက် ရှိနေကြသည်။ 

“ဒီလိုသာ အခြေအနေ ဆက်သွားနေရင် ကျွန်တော်တို့ အားလုံး အငတ်ဘေးကြုံပြီး သေသွားနိုင်တယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

စစ်တပ်က မီးတင်ရှို့ခဲ့သော ရွာများတွင် စစ်တပ်နှင့် အတူ န.တ.လ ရွာများမှ အစွန်းရောက်များကိုပါ တစ်ပါတည်း ခေါ်ယူသွားခဲ့ပြီး၊ အပြစ်မဲ့ ရိုဟင်ဂျာ ရွာသားများကို သတ်ဖြတ်မှုတွင် ပါဝင် ကျူးလွန်ခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။ သတ်ဖြတ်ရာတွင်လည်း ကလေးငယ်များကို ပစ်မှတ်ထား သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ 

အောက်တိုဘာလ (၁၆) ရက်နေ့မှ စ၍ စစ်တပ်က မီးတင်ရှို့မှုများ ရပ်တန့်ခဲ့သော်လည်း ရွာများအတွင်းသို့ နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ်တပ်၍ ၀င်ရောက်ပြီး၊ နေအိမ် ခြံစည်းရိုးများကို ဖြိုဖျက်ခိုင်းခဲ့သည်။ နေအိမ်များသို့ ၀င်ရောက်စစ်ဆေးပြီး အမျိုးသမီးများ ၀တ်ဆင်ထားသော ရွှေ၊ ရတနာများ၊ နေအိမ်အတွင်း ငွေသားများ၊ တန်ဖိုးရှိ ပစ္စည်းများ လုယက်ခြင်းကို ဆက်တိုက် ပြုခဲ့သည်။ 

အောက်တိုဘာလ (၁၇) ရက်နေ့တွင် အောင်စစ်ပြင် ကျေးရွာမှ အပြစ်မဲ့ လူငယ်အချို့ကို ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်နှိပ်စက်ပြီး မိဘများထံ ပြန်လည် အပ်နှံခဲ့သည်။ 

ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ကျားခေါင်းတောင် ကျေးရွာသို့ စစ်သားများ ၀င်ရောက်လာပြီး အပြစ်မဲ့ ရွာသားများကို ဖမ်းဆီး၍ ရက်ရက်စက်စက် လူမဆန်စွာ ရိုက်နှက်ရာ လူငယ်တစ်ဦး သေဆုံးသွားခဲ့သည်။ 

စစ်သားများ၏ လူမဆန်သော လုပ်ရပ်များကြောင့် ဒေသခံ ရွာသားများ ရွာမှ ထွက်ပြေးကြရာ စစ်သားများက ထွက်ပြေးသော ရွာသားများကို သေနတ်ဖြင့် ပတ်ခတ်မှုကြောင့် အသက် (၄၅) နှစ် အရွယ် မော်လ၀ီ ဦးဒိလ်မိုဟာမတ် (ဘ) ဦးအဆာအဟတ် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ယခုကဲ့သို့ စစ်တပ်က ဆက်လက်၍ ရာဇ၀တ်မှုများ ကျူးလွန်နေမည် ဆိုပါက အပြစ်မဲ့ ရွာသူရွာသား အများအပြား သေနိုင်သည်ဟု ဒေသခံများက ဆိုသည်။ 




Comment ရေးရန်

Rohingya Exodus