နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက အမျိုးသမီးများကို ထပ်မံ၍ မုဒိမ်းကျင့်ပါက ရွာသားများက သည်းမခံတော့ဘဲ လက်တုံ့ပြန်မည်ကို စိုးရိမ်ရ

MYARF

RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများသို့ စစ်သားများ ၀င်ရောက် စီးနင်းမှုများ ပြုလုပ်လျက်ရှိပြီး၊ ယခုလည်း လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် အရှေ့ရွာသို့ စစ်သားများ ၀န်းရံ ပိတ်ဆို့ထားကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းရှိ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် အရှေ့ရွာကို စစ်သား ၅၃ ဦးခန့်က ၀န်းရံ ပိတ်ဆို့ထားပြီး၊ ရွာအတွင်းရှိ အိမ်များထဲမှ ပစ္စည်းများ လုယက်ခြင်း၊ ဖျက်ဆီးခြင်း၊ ရွာသူရွာသားများကို ရိုက်နှက်ခြင်းများ အပြင် အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ ပြုလုပ်မည်ကို ရွာသားများက အထူးစိုးရိမ်နေကြကြောင်း RB News သို့ပြောသည်။ 

အောက်တိုဘာလ (၉) ရက်နေ့မှ စ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၀၀ ကျော်ကို စစ်သားများက နယ်မြေ ရှင်းလင်းရေး ခေါင်းစဉ် အောက်တွင် သတ်ဖြတ်ခဲ့သည့်အပြင်၊ ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများစွာကို လုယက်ခြင်း၊ အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်သည်။

အဆိုးဆုံးမှာ ဆယ်ကျော်သက် အသက် ၁၀ နှစ် မိန်းကလေးမှ စ၍ အသက် ၄၀ ကျော် အိမ်ထောင်ရှင် အမျိုးသမီးများပါ မကျန် အုပ်စုဖွဲ့ မုဒိမ်းကျင့်ခြင်း ဖြစ်သည်။ 

မောင်တော အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာနေသူတစ်ဦးက " ဒီစစ်သားတွေက လူမဟုတ်ဘူးဗျ။ နှမချင်း စာနာစိတ်ဆိုတာ မရှိကြဘူး။ အားနွဲ့တဲ့ အမျိုးသမီးတွေကို နေ့စဉ်နဲ့အမျှ လက်နက်အားနဲ့ မုဒိမ်းကျင့်နေကြတယ်။ ဒီတော့ ဒေသခံတွေကလည်း သူတို့ သမီးတွေ၊ ညီမတွေ၊ အစ်မတွေ၊ ဇနီးတွေကို စစ်သားတွေက ဆက်လက် မုဒိမ်းကျင့်မယ်ဆိုရင်တော့ မခံနိုင်ရင် လက်တုန့်ပြန်ကြမှာကို စိုးရိမ်ရတယ်။ အဲ့လို ကိုယ့်ရဲ့ရှေ့မှာ ကိုယ့်သမီးကို ကိုယ့်အမေကို မုဒိမ်းကျင့်ရင် ဘယ်သူကမှ သူတော်စင်လို လက်ပိုက်ပြီး ကြည့်နေနိုင်မှာ မဟုတ်ဘူးလေ'' ဟု RB News သို့ပြောသည်။

အစိုးရအနေဖြင့် ရာဇ၀တ်မှုများ နေ့စဉ် ကျူးလွန်နေသည့် စစ်သားများကို အရေးယူ ဟန့်တားရန် အရေးတကြီး လိုအပ်နေပြီး၊ ယခုကဲ့သို့ ဥပဒေမဲ့ ကျူးလွန်နေခြင်းများကို လွှတ်ထားမည် ဆိုပါက မလိုလားအပ် ပြဿနာပေါင်းစုံ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများက ဆိုသည်။


Comment ရေးရန်

Rohingya Exodus