နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင်နှင့် ငန်းချောင်း တို့မှ အိမ်ထောင်ရှင် အမျိုးသမီး (၃) ဦးကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက မုဒိန်းကျင့်

Rohingya Eye
RB News
25.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စုနှင့် ငန်းချောင်း ကျေးရွာအုပ်စု တို့မှ အိမ်ထောင်ရှင် အမျိုးသမီး (၃) ဦးတို့ကို နယ်ခြားစောင့်ရဲများနှင့် စစ်သားများက မုဒိန်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု အနောက်ရွာတွင် မော်တူးဖာရာဆိုသည့် ရွာငယ်တစ်ရွာ ရှိပြီး၊ အိမ်ခြေ (၆၀) ခန့် လူဦးရေအားဖြင့် (၄၀၀) ကျော်ရှိသည်။ ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ နံနက် ၁၁း၃၀ နာရီအချိန်တွင် နယ်ခြားစောင့်ရဲ (၃) ဦးသည် မော်တူးဖာရာ ရွာအတွင်းသို့ ၀င်ရောက်ပြီး ဦး --------- (အသက် ၄၅ နှစ်) ၏ အိမ်ထဲသို့ အသက် (၁၈) နှစ် အရွယ်သမီးကို မုဒိန်းကျင့်ရန် ကြိုးစားရာ မိန်းကလေးက ရုန်းကန်ပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့သည်။ မိန်းကလေးကို မုဒိန်းကျင့်၍ မရသည့် နယ်ခြားစောင့်ရဲ များက အဆိုပါအိမ်မှ ဆိုလာပြားတစ်ခုနှင့် ဘက်ထရီတစ်လုံးကို လုယက်ယူဆောင် သွားခဲ့သည်။ အလားတူ ဦးဘော်ဒီအာလောမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၃၈ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ ဆိုလာပြားတစ်ခုနှင့် ဘက်ထရီတစ်ခုကို လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲ (၃) ဦးသည် ဆက်လက်၍ ဦး ----- (ဘ) ဦး ------ (အသက် ၂၆ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်ပြီး ဦး ---- နှင့် ဇနီးတို့ကို အိမ်အပြင်သို့ ဆွဲခေါ်လာခဲ့သည်။ ထို့နောက် ယင်းအိမ်နှင့် ကပ်လျက်ရှိသော အိမ်များမှ မိသားစုများကိုလည်း အိမ်အပြင်သို့ ဆွဲခေါ်လာကာ တစ်နေရာတွင် စုဝေး ထိုင်ခိုင်းထားပြီး၊ နယ်ခြားစောင့်ရဲ (၂) ဦးက ၎င်းတို့ကို သေနတ်များဖြင့် ချိန်ရွယ်ထားခဲ့သည်။ ကျန်သည့် နယ်ခြားစောင့်ရဲ (၁) ဦးက ဦး ----- ၏ အသက် (၂၀) အရွယ် ဇနီးကို သေနတ်ဖြင့် ချိန်၍ အိမ်ထဲသို့ ဆွဲခေါ်သွားကာ လူမဆန်စွာ မုဒိန်းကျင့်ပြီးနောက် ရွာမှ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောပါသည်။ 

အလားတူ ငန်းချောင်း ကျေးရွာအုပ်စု၊ မူရားဖာရာရွာရှိ ဦး ---- (အသက် ၂၇ နှစ်) နှင့် ဦး --- ( အသက် ၂၅ နှစ်) တို့ အတူနေထိုင်ကြသည့် အိမ်ထဲသို့ ယနေ့ အောက်တိုဘာလ (၂၅) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် စစ်သား (၂) ဦး ၀င်ရောက်လာပြီး၊ သေနတ်ဖြင့်ချိန်ကာ အမျိုးသား နှစ်ဦးစလုံးကို အိမ်အပြင်သို့ ထုတ်၍ အိမ်အတွင်းရှိ အိမ်ထောင်ရှင် အမျိုးသမီးနှစ်ဦးကို လူမဆန်စွာ မုဒိန်းကျင့်၍ ပြန်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နေ့စဉ်နှင့် အမျှ ရာဇ၀တ်မှုများ ကျူးလွန်နေသည်ကို ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက သိလျက်နှင့် အရေးယူ ဟန့်တားခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် အစိုးရ ကိုယ်တိုင် ယခုကဲ့သို့ ရာဇ၀တ်မှုများ ကျူးလွန်ရန် ခွင့်ပြုထားသည်လားဟု သံသယဖြစ်မိကြောင်း ဒေသခံလူကြီးတစ်ဦးက ပြောသည်။

(ကာယကံရှင်များ၏ ဂုဏ်သိက္ခာအတွက် အမည်များကို ချန်လှပ်ထားသည်)


Comment ရေးရန်

Rohingya Exodus