နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက အမျိုးသမီးများကို ရိုက်နှက်၊ လုယက်၊ ဗလီထဲမှ ကုရ်အာန်ကျမ်းစာများ ဖျက်ဆီး မီးရှို့

MYARF

RB News
24.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ မူလတန်းကျောင်းတွင် စခန်းချနေသည့် စစ်သားများသည် ရွာသုံးရွာသို့ ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ နေအိမ်များနှင့် ဆိုင်ခန်းများမှ လုယက်ခြင်းနှင့် ဗလီမှ ကုရ်အာန်ကျမ်းစာများ ဖျက်ဆီးခြင်းနှင့် ဗလီအတွင်း အပေါ့သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အောက်တိုဘာလ (၂၃) ရက်နေ့တွင် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာရှိ မူလတန်းကျောင်းတွင် စခန်းချနေသည့် စစ်သားများသည် စေတီပြင်ရွာနှင့် ဆင်သေပြင်ရွာများကို ၀င်ရောက် စီးနင်းသောကြောင့် ရွာရှိ အမျိုးသားများ တိမ်းရှောင်သွားခဲ့သည်။ ရွာတွင် အမျိုးသားများ မရှိတော့သဖြင့် စေတီပြင်အောက်ရွာမှ အမျိုးသမီး ၂၀ ဦးခန့်သည် ၎င်းတို့၏ နေအိမ်များတွင် မနေကြတော့ဘဲ ရာအိမ်မှူး ဦးဇော်ဖောရ်အာလောမ်၏ အိမ်တွင် စုဝေးနေခဲ့ကြသည်။ 

ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် (၇) နာရီကျော်ခန့်တွင် စေတီပြင်ရွာရှိ မူလတန်းကျောင်းတွင် စခန်းချထားသည့် စစ်သားများသည် အုပ်စု (၃) စုခွဲကာ လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ကျေးရွာ၊ ငါးစားကြူး ကျေးရွာအုပ်စု ပန်းမြိုင်ရွာနှင့် တောတောင်ထဲသို့ ၀င်ရောက် စီးနင်းခဲ့သည်။ 

စေတီပြင်အောက်ရွာ 

စေတီအောက်ရွာရှိ ရာအိမ်မှူးအိမ်တွင် အမျိုးသမီး (၂၀) ဦးခန့် ခိုလှုံလျက်ရှိရာ အဆိုပါအိမ်သို့ ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက် ၇ နာရီခန့် အချိန်တွင် စစ်သား (၅) ဦး ရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းရာ အမျိုးသမီးများက ကြောက်ရွံ၍ တံခါးဖွင့် မပေးသောကြောင့် စစ်သားများက တံခါးရိုက်ချိုး ၀င်ရောက်ကာ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခဲ့ရာ အမျိုးသမီးများက အော်ဟစ်၍ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ 

အမျိုးသမီးများက ထွက်ပြေးရန် ကြိုးစားစဉ် စစ်သားများက သေနတ်တစ်ချက် ပစ်ဖောက်ခဲ့သည်။ သေနတ်သံကြား၍ မူလတန်းကျောင်းမှ စစ်သား (၃၀) ဦး အင်အားဖြည့်ရန် ရောက်ရှိလာပြီး အမျိုးသမီးများအားလုံးကို အိမ်အပြင် တစ်နေရာတွင် စုဝေးစေကာ စစ်ဆေးမည်ဟု ဆို၍ ထပ်မံ၍ မဖွယ်မရာ ပြုလုပ်ခဲ့သည်။ ထို့နောက် စစ်သားများက အမျိုးသမီး (၇) ဦးကို ရွေးချယ်၍ ခေါ်သွားရန် ကြိုးစားသဖြင့် အမျိုးသမီးများ ထွက်ပြေး တိမ်ရှောင် သွားခဲ့ကြသည်။ 

အမျိုးသမီးများ ထွက်ပြေးသွားသည့် အခါ စစ်သားများက ရာအိမ်မှူး ဦးဇော်ဖောရ်အာလောမ်၏ အိမ်နှင့် ကပ်လျက်ရှိသော အိမ်ကိုဝင်၍ အိမ်ရှင်ဖြစ်သူ ဦးအာမီးရ်ဟူစိန်း (အသက် ၆၅) နှစ်ကို သေနတ်ဖြင့် ရိုက်နှက်ခဲ့ရာ ဦးခေါင်းကွဲ၍ သေလုမျောပါး ဖြစ်နေရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

စစ်သားများ ပြန်သွားနောက် အမျိုးသမီးများ အချင်းချင်း ရှာဖွေ၍ လူစုရာတွင် နှစ်ဦး ပျောက်ဆုံးနေခဲ့သော်လည်း ည ၁၀ နာရီကျော်တွင် ပျောက်ဆုံးနေသည့် အမျိုးသမီး နှစ်ဦးကို အိမ်တစ်အိမ်တွင် ပုန်းနေခဲ့သည်ကို တွေ့ရှိခဲ့သည်။ 

ဆင်သေပြင်ကျေးရွာ

ဆင်သေပြင် ကျေးရွာကို ၀င်ရောက်စီးနင်းခဲ့သည့် အင်အား (၃၀) ဦးပါ စစ်သားများသည် ဆင်သေပြင်အရှေ့ရွာရှိ အိမ်ခြေ ၃၀၀ ကျော်မှ အမျိုးသမီးများ အားလုံးကို အိမ်များမှ ဆွဲထုတ်ကာ အလယ်ရွာသို့ ခေါ်လာပြီး တစ်နေရာတွင် စုထားခဲ့သည်။ 

ထို့နောက် စစ်သားများနှင့် ၎င်းတို့နှင့်အတူ ပါလာသည့် န.တ.လ ရွာသားများသည် အရှေ့ရွာရှိ အိမ်များမှ ရှိသမျှ ပစ္စည်းများကို လုယက်၍ န.တ.လ ရွာသို့ သယ်ယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အိမ်များရှိ ကြက်၊ ဘဲ၊ ခို၊ ဆိတ်များကို စစ်သားများနှင့် န.တ.လ ရွာသားများက သတ်ဖြတ်၍ ချက်စားခဲ့ကြသည်။ 

ည (၆) နာရီအချိန်ထိ လုယက်ထားသည့် ပစ္စည်းများကို န.တ.လ ရွာသို့ သယ်ဆောင်ခဲ့ပြီး၊ ဆိုင်ခန်း (၇) ခန်းမှ တံခါးများကို ရိုက်ချိုး၍ ပစ္စည်းများတစ်ခုမကျန်အောင် လုယက် ယူဆောင်သွားခဲ့သည်။ ဆိုင်ခန်းများမှ လုယက်ခံရသည့် ပစ္စည်းမှာ ကာလတန်ဖိုးအားဖြင့် ကျပ် သိန်း ၇၀ ခန့်ရှိသည်ဟု ဆိုသည်။ 

အမျိုးသမီးများကို ည (၆) နာရီအချိန်တွင် အလယ်ရွာမှ ပြန်သွားစေခဲ့ပြီး၊ အမျိုးသမီးများ အိမ်သို့ ရောက်သည့်အခါ မိမိတို့၏ အိမ်များတွင် ပစ္စည်းများ မရှိတော့သည်ကို တွေ့ခဲ့ရကြောင်း သိရှိရသည်။ 

ပန်းမြောင်ရွာ

ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာသို့ ရောက်ရှိသွားသော စစ်သားများကို အိမ် (၁၅) လုံးသို့ ၀င်ရောက် စီးနင်း၍ အမျိုးသမီးများကို ရိုက်နှက်ပြီး၊ ရွှေ၊ ငွေ၊ ဆိုလာပြား စသည့် အဖိုးတန်ပစ္စည်းများ လုယက်ခဲ့သည့် အပြင်၊ ဆိုင်ခန်း (၃) ခန်းမှ ပစ္စည်းများလည်း လုယက်ခဲ့သည်။ 

ထို့အပြင် ဗလီထဲသို့ ၀င်ရောက်၍ ကုရ်အာန်ကျမ်းမြတ် များကို စုတ်ဖြဲခြင်း၊ မီးရှို့ခြင်း၊ ဗလီအတွင်း အပေါ့သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus