နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖမ်းဆီးခံရသူများထဲမှ INGO ၀န်ထမ်းဟောင်း တစ်ဦး ရဲများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံး

MYARF
RB News

19.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အောင်စစ်ပြင် ကျေးရွာမှ ဖမ်းဆီးခံရသူတစ်ဦး အချုပ်ခန်းတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

အောက်တိုဘာလ (၁၈) ရက်နေ့က မောင်တောမြို့ရှိ အချုပ်ခန်းတွင် စစ်ဆေးနေစဉ် ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ပြီး၊ ၎င်း၏ အလောင်းကို တစ်ဒါဇင်ခန့် ရှိသည့် ရဲတပ်ဖွဲ့ဝင်များက မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာရှိ အရှေ့ဗလီ သင်္ချိုင်းသို့ သယ်ဆောင်လာပြီး မြှပ်နှံသဂြိုဟ်ခဲ့ကြောင်း သိရှိရသည်။ သေဆုံးခြင်း၊ မြှပ်နှံသဂြိုဟ်ခြင်း တို့ကို မိသားစုဝင်များထံ အကြောင်းကြားခြင်း မရှိခဲ့ပေ။

သေဆုံးသွားသူမှာ ဦးကရိမ်းမူလ္လာဖြစ်ပြီး၊ လူသားချင်းစာနာ အထောက်အပံ့များ ပြုလုပ်သည့် အန်ဂျီအို ၀န်ထမ်းဟောင်း တစ်ဦးဖြစ်သည်။ ၎င်းသည် အသက် ၅၈ နှစ်အရွယ်ဖြစ်ပြီး၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ရီဒါရွာ ကျောင်းဆရာဟောင်း ဦးဟာရှိမ် (ကွယ်လွန်) ၏ သားဖြစ်သည်။ 

အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဦးကရိမ်းမူလ္လာ၏ နေအိမ်ကို စစ်သားများက ၀င်ရောက်စီးနင်းခဲ့ပြီး၊ ၎င်းနှင့်အတူ ၎င်း၏ သားသုံးဦး၊ အစ်ကိုဖြစ်သူ အငြိမ်းစားကျောင်းဆရာ ဦးရွှေသာ၏ သားတစ်ဦးတို့ကိုပါ ဖမ်းဆီးသွားခဲ့သည်။ ၎င်းတို့ (၄) ဦးကို ကြိမ်ချောင်း ရဲစခန်းတွင် နှစ်ရက်ခန့် ချုပ်နှောင်ထားခဲ့ပြီး၊ မောင်တောမြို့ပေါ် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။ 

အောက်တိုဘာလ (၁၈) ရက်နေ့တွင် အကြမ်းဖက်သမားဟု လုပ်ကြံ စွပ်စွဲခံရသည့် ဦးကရိမ်းမူလ္လာသည် ရဲတပ်ဖွဲ့ဝင်များ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားခဲ့ပြီး၊ ယင်းနေ့ နံနက် အစောပိုင်းတွင် ရဲများက မြို့မကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအဒူရာမာန်ထံသို့ ဖုန်းဆက်၍ ရွာမှ လူအနည်းငယ်ဖြင့် အရှေ့ဗလီသင်္ချိုင်းတွင် သေဆုံးသူတစ်ဦး သဂြိုဟ်ရန်အတွက် ၀တ်ပြုပွဲငယ် တစ်ခုစီစဉ်ရန် ညွန်ကြားချက်ခဲ့သည်။ ထို့နောက် နေ့လည် (၁၂) နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဒါဇင်ခန့်သည် သေဆုံးသူ၏ အလောင်းကို ကားဖြင့် သယ်ဆောင်လာပြီး ဒေသခံ ရိုဟင်ဂျာ (၅) ဦးက အစ္စလာမ်ဘာသာ၏ ထုံးထမ်းစဉ်လာနှင့် အညီ ၀တ်ပြု၍ မြှပ်နှံ သဂြိုဟ်ခဲ့သည်။ သဂြိုဟ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

“ရဲတွေက ဒီက ဒေသခံ ရိုဟင်ဂျာ (၅) ယောက် ကျင်းတူးတာ၊ သဂြိုဟ်တာ၊ ပြီးတော့ အဲဒီလူ ၅ ယောက်ရဲ့ အသေးစိတ် အချက်အလက်တွေ အားလုံးကို ဗီဒီယိုရိုက်ယူသွားတယ်” ဟု မောင်တော မြို့ပေါ်မှာ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဦးကရိမ်းမူလ္လာသည် အများလေးစားရသော ၀ါရင့် လူသားအကျိုးပြု ၀န်ထမ်းဟောင်း တစ်ဦးဖြစ်သည်။ ၎င်းသည် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မောင်တောရုံးခွဲ၏ နယ်မြေ ကြီးကြပ်ရေးမှူး အဖြစ် ၁၉၉၅ ခုနှစ်မှ၂၀၀၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) ၏ နည်းပညာကျွမ်းကျင်သူ အဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ဖန် ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မောင်တောရုံးခွဲ၏ အသိုင်းအ၀ိုင်း မြှင့်တင်ရေး ဆောင်ရွက်သူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင် UNHCR မောင်တော ရုံးခွဲ၏ လုပ်ငန်းများ ရပ်တန့်သွားပြီးနောက် ၎င်း၏ အလုပ်မှလည်း ရပ်စဲခြင်းခံခဲ့ရပြီး၊ အသက်အရွယ်အားဖြင့် အိုမင်းခြင်း စလာသောကြောင့် မိသားစုနှင့် ပျော်ရွှင်စွာ ဆက်လက်နေထိုင်ခဲ့သည်။ 

“သူက အေးအေးဆေးဆေးနေတဲ့ အပြစ်မဲ့တစ်ယောက်ပါ။ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလောက် အသက်အရွယ်ရနေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ လုပ်ကြံ စွပ်စွဲတာက တကယ်ကို သဘာဝ မကျပါဘူး။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တောင် မလုပ်တော့ဘဲ အေးဆေးနေတဲ့ လူတစ်ယောက်က တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်မလားဆိုတာ မေးခွန်းထုတ်စရာပါ“ ဟု ဦးကရိမ်းမူလ္လာ နေထိုင်သည့် အောင်စစ်ပြင်ရွာမှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“ပညာတတ်တစ်ဦးကို မမှန်မကန် လုပ်ကြံ စွပ်စွဲပြီး ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ်တာက မြန်မာရဲတပ်ဖွဲ့ရဲ့ လူမဆန်တဲ့ လုပ်ရပ်တစ်ခုပါ။ အခုလုပ်နေတဲ့ ပုံစံက လူသားမျိုးနွယ်စုတစ်စုလုံးပေါ်ကို ရာဇ၀တ်မှု ကျူးလွန်နေတာ တူပါတယ်“ ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာရှိ အရှေ့ဗလီသင်္ချိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက အလောင်းများ သယ်ဆောင်လာပြီး အကြိမ်ကြိမ် မြှပ်နှံသဂြိုဟ်သောကြောင့် ဒေသခံရွာသားများ အထိတ်တလန့် ဖြစ်နေကြသည်။ ယခုဖြစ်ပွားနေသည့် အခြေအနေသည် ပညာတတ် ရိုဟင်ဂျာများ အတွက် ပိုမို၍ ထိတ်လန့် ခြောက်ခြားစရာ ဖြစ်နေသည်။ 

ဦးကရိမ်းမူလ္လာနှင့် အတူ ဖမ်းဆီးခံရသည့် သားသုံးဦးနှင့် တူတစ်ဦးတို့အား မောင်တောမြို့ ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားကြောင်း သိရှိရသည်။

ဦးကရိမ်းမူလ္လာကို မြှပ်နှံသဂြိုဟ်ထားသည့် နေရာ

Comment ရေးရန်

Rohingya Exodus