နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာမှ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်အတွင်း မီးရှို့ဖျက်ဆီးခံရ

RB News
15.11.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်ရွာရှိ ရှေးဟောင်း ဗလီဝတ်ကျောင်းတော် အတွင်းသို့ နိုဝင်ဘာလ (၁၄) ရက်နေ့ ညပိုင်းတွင် အစွန်းရောက်အချို့ ၀င်ရောက်၍ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ရွာတွင် တည်ရှိသော ၁၈၉၆ ခုနှစ်က တည်ဆောက်ခဲ့သည့် ရှေးဟောင်း ဗလီဝတ်ကျောင်း အတွင်းသို့ နိုဝင်ဘာလ (၁၄) ရက်နေ့ ညပိုင်းတွင် အစွန်းရောက် အချို့ဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

“ဗလီထဲမှာရှိတဲ့ ဗီရိုအဟောင်း တစ်လုံးကို မီးရှို့ဖျက်ဆီး လိုက်ကြတာပါ။ ကျွန်တော်တို့က ညထွက်ခွင့် မရှိတော့ မသိလိုက်ဘူး။ အခု မနက်မှ သိရတာ။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

စေတီပြင်ရွာတွင် ရိုဟင်ဂျာ မွတ်စလင် အိမ်ခြေ (၁၀၀) ခန့်ရှိပြီး ရခိုင်ဗုဒ္ဓဘာသာဝင် အိမ်ခြေ (၁၀၀၀) ကျော်ရှိသည်။ ၂၀၁၂ ခုနှစ် မတိုင်ခင်က စေတီပြင်ရွာ တစ်ခုလုံးသည် မွတ်စလင်ရွာ ဖြစ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် မွတ်စလင် အိမ်ခြေ (၁၀၀) ခန့် ကျန်တော့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဗလီဝတ်ကျောင်းတော်၏ ဘေးပတ်ပတ်လည်တွင်လည်း ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်များနှင့် ဘုန်းကြီးကျောင်းများ ရှိသည်ဟု ဆိုသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အချို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာ အချို့မှ ရိုဟင်ဂျာများကို စစ်တပ်က အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများ အဆက်မပြတ် ပြုလုပ်လာခဲ့ရာ နိုင်ငံတကာ ရှေ့တွင် မြန်မာစစ်တပ်၏ ပုံရိပ်မှာ ယခင်ကထက် ပိုမို ကျဆင်းလာနေပြီ ဖြစ်သဖြင့် စစ်တပ်က ၂၀၁၂ ခုနှစ်က ကဲ့သို့ အခြေအနေများ ဖန်တီးယူရန် ကြိုးစားနေသည်ကို သတိပြုရန် လိုအပ်ကြောင်း မောင်တောဖြစ်စဉ်များကို လေ့လာစောင့်ကြည့်နေသူများက သုံးသပ် ပြောဆိုသည်။




Comment ရေးရန်

Rohingya Exodus