နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒိုးတန်း ကျေးရွာသို့ စစ်သားများ စီးနင်းဝင်ရောက်ပြီး ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်

MYARF
RB News
14.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်း ကျေးရွာသို့ စစ်သားများ ၀င်ရောက် စီးနင်းပြီး၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ်၊ မြောက်ပိုင်းရှိ ဒိုးတန်းကျေးရွာသည် ရွာသိမ်ရွာငယ် (၃) ခု ပါဝင်ပြီး အိမ်ခြေ (၉၈၀)၊ အိမ်ထောင်စု (၆၅၆) စု လူဦးရေ အားဖြင့် (၆၇၆၃) ဦးခန့် ရှိသည်။  ယင်းကျးရွာမှ ဒေသခံများသည် ယနေ့ နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်အာရုံတက် အချိန်တွင် စပါးစိုက်ခင်းအတွင်း တိတ်တဆိတ် ၀င်ရောက်၍ ပုန်းအောင်းနေသည့် စစ်သားများကို မြင်ကြသောအခါ ဝရုန်းသုန်းကား ထွက်ပြေးခဲသည်။ ရွာမှ လူကြီးများ ပြေးရှောင်နေသည်ကို အသက် (၁၂) နှစ် အထက် လူငယ်များက မြင်သည့် အခါ ၎င်းတို့လည်း နောက်မှ လိုက်၍ ထွက်ပြေးခဲ့ကြသည်။ 

အမျိုးသားများ မရှိတော့သည့် အခါ စစ်သားများက ဒိုးတန်းကျေးရွာအုပ်စု အလယ်ရွာမှစ၍ စဉ်တောင်နှင့် လန်ဘားကုံးနားရွာများ ထဲသို့ စီးနင်းဝင်ရောက်ပြီး တွေ့ရှိသမျှ အိုမင်းမစွမ်းဖြစ်နေသည့် အဖိုးအိုများကို ရက်ရက်စက်စက် ရိုက်နှက်ခြင်း၊ အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ အမျိုးသမီးများ ၀တ်ဆင်ထားသည့် ရွှေ၊ ရတနာများ လုယက်ခြင်း၊ နေအိမ်များရှိ အဖိုးတန် ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ထို့နောက် စစ်သားများက အမျိုးသမီး ၁၀၀၀ ကျော်ကို ရွာရှိ ဈေးအနီးနှင့် ကန်ကြီးသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

“စစ်သားတွေက စပါးစိုက်ခင်းတွေထဲမှာ ၀င်ပုန်းပြီး ရွာကို ၀ိုင်းထားတယ်။ သူတို့အားလုံး ၉၃ ယောက်ရှိတယ်။ သူတို့ ရွာထဲကို ၀င်လာတော့မယ် ဆိုတာနဲ့ ကျွန်တော်တို့ အမျိုးသားတွေ အကုန် ချောင်းကူးပြီး ထွက်ပြေးခဲ့ကြတယ်” ဟု အထက်ပြူးမ ကျေးရွာသို့ ထွက်ပြေး တိမ်းရှောင်လာသည့် ဒိုးတန်း ရွာသားတစ်ဦးက ပြောသည်။ 

ဒေသခံ အဖွားအို တစ်ဦးက “မနက် ၉  နာရီလောက်မှာ ကျွန်မတို့အိမ်ကို ၀င်စီးတယ်။ စစ်သားတွေနဲ့ အတူ ကျွန်မတို့ စကားပြောတတ်တဲ့ အရပ်သား ရခိုင်အချို့လည်း ပါတယ်။ သူတို့ အားလုံးက ဗီရိုတွေ၊ သေတ္တာတွေ အကုန် ရိုက်ချိုး ဖျက်ဆီးပြီး၊ ဗီရိုထဲက ကျွန်မချွေးမရဲ့ နှစ်ကျပ်သား ရှိတဲ့ ရွှေလည်ဆွဲတစ်ခု၊ တစ်ကျပ်သား ရွှေခေါင်းဘီးတစ်ခု၊ ငွေသား ၉  သိန်း၊ ပြီးတော့ ချွေးမ ၀တ်ထားတဲ့ ရွှေနားဆွဲနဲ့ နှာခေါင်းပန်း တွေပါ လုသွားတယ်။ နောက်တော့ ကျွန်မတို့ကို ဈေးနားကို ခေါ်သွားပြီး ကျွန်မတို့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွေကို အချင်းချင်း စစ်ဆေးခိုင်းတယ်။ နေ့လည် ၂ နာရီထိုးမှ အိမ်ပြန်ခိုင်းတာ။” ဟု ၀မ်းနည်းစွာဖြင့် ပြောသည်။ 

အမျိုးသမီးများကို အိမ်ပြန်လွှတ်ပြီးနောက် ဒိုးတန်းအလယ်ရွာမှ ထွက်မပြေးနိုင်၍ နေအိမ်များတွင် ကျန်ရစ်ခဲ့သည့် အိုမင်းမစွမ်း အဖိုးအို (၄) ဦးနှင့် လူလတ်ပိုင်း (၂) ဦးကို လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသူ (၆) ဦးမှာ --

(၁) ဦးဆော်ယောတ်အလောမ် (ဘ) ဦးအာဘူဆိဒိခ်၊ အသက် (၅၀) နှစ်
(၂) အာမိရ်ဦးကော်ဘိရ်အာမတ် (ဘ) ဦးအာမိန်အုလာ၊ အသက် (၆၅) နှစ်
(၃) ဦးဟာလူ (ဘ) ဦးဖော်ကိရ်အာမတ်၊ အသက် (၇၅) နှစ်
(၄) ဦးဘော်ရှိရ်အာမတ် (ဘ) ဦးမူဟာမတ်ရှော်ဖီ၊ အသက် (၅၀) နှစ်
(၅) ဦးဖော်ရီဇူလာ (ဘ) ဦးရှော်ရီတူလာ၊ အသက် (၄၅) နှစ်နှင့်
(၆) ဦးဟာဖေစ့်အာမတ် (ဘ) ဦးရှောမ်ရှူး၊ အသက် (၃၈) နှစ်တို့ ဖြစ်ကြသည်။

ဖမ်းဆီးခံရသူများကို ဒိုးတန်းကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ၏ အသနားခံမှုကြောင့် ညနေ ၅ နာရီ ပြန်လည် လွှတ်ပေးလိုက်သော်လည်း ဦးဘော်ရှိရ်အာမတ် ဆိုသူကို စစ်သားများက ရက်ရက်စက်စက် ရိုက်နှက်ထားသောကြောင့် သေလုမျောပါး ဖြစ်နေသည်ဟု ဒေသခံ အမျိုးသမီးများက ပြောပါသည်။ 

အဆိုပါ ဒိုးတန်းကျေးရွာသို့ လွန်ခဲ့သော အောက်တိုဘာလ (၁၄) ရက်နေ့ကလည်း စစ်သား (၅၀) ကျော်နှင့် န.တ.လ ရွာသား အချို့ ပူးပေါင်း၍ ၀င်ရောက်ပြီး ရွှေငွေ အဖိုးတန် ပစည်းများ လုယက်ခြင်း၊ အိမ်သုံးပစ္စည်းများ ဖျက်ဆီးခြင်း၊ အမျိုးသမီးများအား ကိုယ်ထိလက်ရောက် စော်ကားခြင်း စသော လူမဆန်မှုများကို ပြုလုပ်ခဲ့သည့် အပြင် ဆိုင်းခန်းပေါင်း (၂၀) ကျော် ရှိသည့် ဈေးတန်းကိုလည်း ဖျက်ဆီးလုယက်ခဲ့သည်။ 


Comment ရေးရန်

Rohingya Exodus