နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံ၊ ဆင်သေပြင်မှ ရိုဟင်ဂျာ အမျိုးသမီး ၁၀၀ ကျော်မုဒိမ်းကျင့်ခံရ

MYARF
RB News
26.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး ၁၀၀ ကျော်ကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် စစ်သား ၅၀၀ ခန့်က လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာကို ၀င်ရောက် စီးနင်းခဲ့ရာ အမျိုးသား အများစု ထွက်ပြေးတိမ်းရှောင် နိုင်ခဲ့သော်လည်း၊ မတိမ်းရှောင်နိုင်ခဲ့သည့် အမျိုးသား ၇၀ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။ အမျိုးသမီးများနှင့် ကလေးငယ်များကို အိမ်များမှ အပြင်ထုတ်၍ တစ်နေရာတွင် စုထားကာ အမျိုးသမီး အများအပြားကို မုဒိမ်းကျင့်ခဲ့သည့် အပြင် ချောမောလှပသည့် အမျိုးသမီး (၃) ဦးကို တောထဲသို့ ခေါ်ဆောင် သွားခဲ့သည်။ နေအိမ်များအတွင်းသို့ န.တ.လ ရွာသားများ ၀င်ရောက်၍ စိတ်တိုင်းကျ လုယက် ဖျက်ဆီးခဲ့သည်။ 

အသက် (၇၀) နှစ် အရွယ်ရှိသော ဦးအဒူလ်ဟာဖီးဇ် (ဘ) ဦးဆော်ယာဒ်အာမတ် ကို နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ဖမ်းဆီး ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ခဲ့ရာ ကျန်းမာရေး ချို့တဲ့နေသဖြင့် ထွက်မပြေးနိုင်ဘဲ နေအိမ်တွင်ရှိနေခဲ့ရာ ၎င်းကို စစ်သားများက ယမန်နေ့ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ သတ်ဖြတ်ခဲ့သည်။ 

အမျိုးသမီးများ အားလုံးကို နံနက် ၉ နာရီမှ စ၍ အိမ်အပြင်တွင် ထားခဲ့ပြီး ည ၉ နာရီ အချိန်တွင် ပြန်လွှတ် ပေးခဲ့သည်။ ဦးအဒူလ်ဟာဖီးဇ်ကို အမျိုးသမီးများ အိမ်သို့ ပြန်ရောက်သည့် အချိန်မှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဖမ်းဆီးထားခဲ့သည့် အမျိုးသား ၇၀ ဦးကို လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်၍ ည ၁၁ နာရီတွင် ပြန်လွှတ်ပေးခဲ့ပြီး၊ စစ်သားများ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ယနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် စစ်သား ၂၀၀ ခန့် ထပ်မံ ရောက်ရှိလာပြီး၊ အမျိုးသမီးများကို ညှဉ်းပန်းနှိပ်စက်၊ အဓမ္မ မုဒိမ်းကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။ 

ဆင်သေပြင်အရှေ့ရွာနှင့် အလယ်ရွာမှ အမျိုးသမီးများသည် မုဒိမ်းကျင့်ခံရမည်ကို ကြောက်ရွံ၍ မူရာဖာရာသို့ ထွက်ပြေးကြရာ စစ်သားများက သေနတ်ပစ်ဖောက်၍ ရပ်တန့်ခိုင်းပြီး နေပူတစ်နေရာတွင် စုခိုင်းကာ အမျိုးသမီးများ အားလုံးကို အ၀တ်အစားများ အားလုံး အတွင်းခံများမကျန် ချွတ်ခိုင်း၍ ထိုင်ခိုင်းထားကြောင်း အမျိုးသမီးတစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် အမျိုးသမီးများထံမှ ရွှေ၊ ငွေများကိုလည်း လုယက်ခဲ့သည်ဟု ဆိုသည်။ 

အဝေးမှ မြင်သည့် မျက်မြင်သက်သေ တစ်ဦးက “ကျွန်တော် အကုန်မြင်နေရတယ်။ သေနတ်နဲ့ပစ်ပြီး အမျိုးသမီးတွေ အားလုံး ၃၀၀ နီးပါးရှိမယ်၊ အားလုံးကို နေပူထဲ လယ်ကွင်းပြင်မှာ စုလိုက်တယ်။ ပြီးတော့ ပုဝါတွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ ပြီးတော့ အင်္ကျီတွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ ပြီးတော့ ထမိန်တွေကို တစ်နေရာမှာ ပုံခိုင်းတယ်။ အဲလို လုပ်နေတာ ကျွန်တော်ကိုယ်တိုင် မြင်နေရတာပါ” ဟုပြောသည်။

အမျိုးသမီးများကို အ၀တ်အစားမဲ့ အတိုင်း နှစ်နာရီခွဲခန့် ထားခဲ့သည်။ စစ်သားများက အမျိုးသမီး ၃၀၀ ခန့်ရှိသည့် အုပ်စုထဲမှာပင် ၎င်းတို့ စိတ်ထင်ရာ ပြုလုပ်ခဲ့သည်။ 

“ကျွန်မတို့ အမျိုးသမီး ၁၀၀ ကျော်လောက် မုဒိမ်းကျင့်ခံရတယ်။ အသတ်ခံရတာလည်း အနည်းဆုံး ၄၀ လောက် ရှိမယ်။ သူတို့က သတ်ပြီးတာနဲ့ အလောင်းဖျောက်လိုက်တော့ သေဆုံးသူ အတိအကျ ပြောဖို့ အရမ်းခက်နေတယ်။ မနေ့က အားလုံး ၁၉ ယောက်ကတော့ အတည်ပြုလို့ ရတဲ့ ဦးရေပါ” ဟု မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး တစ်ဦးက ပြောသည်။ 

ယမန်နေ့က စစ်သားများ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည့် အမျိုးသမီးငယ် (၃) ဦး ယနေ့ ညနေပိုင်းတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။ 

ယခုအခါ အမျိုးသမီးများနှင့် ကလေးငယ်များမှာ အမိုးအကာမဲ့ လယ်ကွင်းပြင်တွင် နေထိုင်နေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ယမန်နေ့က စစ်သားများ သတ်ဖြတ်ပြီး အလောင်းများ ယူသွားခဲ့ရာ အလောင်းအချို့ကို စံပယ်ကုံး ကျေးရွာရှိ သီဟိုဠ်တောထဲတွင် ကျင်းနှစ်ကျင်း၌ မြှပ်နှံထားသည်ကို ရွာသားများက တွေ့ရှိခဲသည်။ ယနေ့ ရွာသားများက ကျင်းတစ်ကျင်းကို တူးဖော်ခဲ့ရာ အလောင်း (၄) လောင်း တွေ့ရှိခဲ့သည်။ ကျန်ကျင်းတစ်ကျင်းတွင်လည်း အလောင်း (၈) လောင်းခန့် ရှိမည်ဟု ခန့်မှန်း ပြောနေဆိုနေကြသည်။ အခြားအလောင်း အချို့ကိုလည်း ရွာ၏ အရှေ့ဖက် သဲပြင်တွင် စစ်သားများက မြှပ်နှံထားခဲ့ကြောင်း ၎င်းတို့က ပြောပါသည်။ 

ယနေ့ နေ့လည်ပိုင်းတွင် စေတီပြင် န.တ.လ ရွာမှ စိုးဝင်း (ခြေကျိုး) အပါအ၀င် န.တ.လ ရွာသား ၅၀ ကျော် ဆင်သေပြင် ကျေးရွာသို့ ၀င်ရောက်လာပြီး အိမ်များတွင် တွေ့ရှိသမျှ ပစ္စည်းများကို တွန်းလှည်းများဖြင့် ယူဆောင် သွားခဲ့ကြောင်း။ ကျွဲ၊ နွား၊ ဆိတ်များကိုလည်း ယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

ကျင်းတစ်ကျင်းမှ တူးဖော်ရသည့် အလောင်း 

Comment ရေးရန်

Rohingya Exodus