နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံတကာ လာမကယ်မချင်း ပစ်သတ်မည်ဟု ဆိုကာ အနည်းဆုံး ရိုဟင်ဂျာ ၁၉ ဦးကို ပစ်ခတ် သတ်ဖြတ်

MYARF
RB News
25.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာနှင့် ငါးစားကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာများကို စစ်သားများ၊ လုံထိန်းများနှင့် နယ်ခြားစောင့်ရဲများ အင်အား ၅၀၀ ကျော်တို့က ပိတ်ဆို့ဝန်းရံ၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ၊ အပြစ်မဲ့ ဒေသခံ အနည်းဆုံး ၁၉ ဦး အသတ်ခံရပြီး၊ အများအပြား ဒဏ်ရာရရှိခဲ့သည့် အပြင်၊ အမျိုးသမီး အများအပြားကိုလည်း မုဒိမ်းကျင့်ခဲ့ကြောင်း၊ အပြစ်မဲ့ သာမာန် ပြည်သူ အနည်းဆုံး ၅၀ ဦးခန့်ကို ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။  

နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၂ နာရီမှစ၍ စစ်သားများ၊ လုံထိန်းများ နှင့် နယ်ခြားစောင့်ရဲ အင်အား ၅၀၀ ဦးခန့်တို့သည် မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု ဆင်သေပြင်ရွာနှင့် ငါးစားကြူးကျေးရွာအုပ်စု ပန်းမြောင်ရွာ တို့်ကို ပိတ်ဆို့ဝန်းရံထားခဲ့ပြီး၊ မနက် ၅ နာရီကစ၍ အဆက်မပြတ် သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ရွာသား အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့ကြောင်း၊ အလောင်းများကိုလည်း ၎င်းတို့က ယူဆောင်သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

၎င်းတို့၏ ပစ်ခတ်မှုကြောင့် လူမမယ် ကလေးငယ်များ အပါအ၀င်၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အမျိုးသမီး အများအပြား အတင်းအဓမ္မ မုဒိမ်းကျင့်ခံခဲ့ရပြီး၊ အပြစ်မဲ့ သာမာန် ပြည်သူ အနည်းဆုံး ၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

သတ်ဖြတ်ခံရသူ အများစုမှာ လည်လှီး သတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောပါသည်။ 

နေ့လည် ၁၂ နာရီခန့် အချိန်တွင် အဆိုပါအဖွဲ့က နီးစပ်ရာ န.တ.လ ကျေးရွာဖြစ်သည့် စေတီပြင် ကျေးရွာမှ န.တ.လ ရွာသားများကို ခေါ်ယူလာပြီး သတ်ဖြတ်လိုက်သည့် ဆင်သေပြင်နှင့် ပန်းမြောင် ရွာသူရွာသားများ၏ အလောင်းများကို ယူဆောင်သွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

န.တ.လ ရွာသားများက အလောင်းများကို ဆင်သေပြင် ကျေးရွာ၏ အရှေ့ဖက် သဲပြင်တစ်နေရာတွင် ကျင်းတူး၍ မြှပ်နှံလိုက်ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။ ထို့အပြင် အလောင်းအချို့ကို ဆင်သေပြင်နှင့် ပန်းမြောင်ရွာကြားရှိ ချောင်းတွင် မျောပေးလိုက်ကြောင်း ၎င်းက ပြောပါသည်။ 

ဒေသခံများက အလောင်းအချို့ကို အသက်ဖြင့် ရင်း၍ ပြေးလွှားပြီး သယ်ဆောင်ခဲ့သော်လည်း အများစုကို န.တ.လ ရွာသားများကို စစ်သားများက မြှပ်နှံခိုင်းလိုက်ကြောင်း ဒေသခံများက ပြောပါသည်။ 

ဒဏ်ရာရရှိသူများထဲတွင် ပထမတန်း ကျောင်းသူတစ်ဦးလည်း ပါဝင်ပြီး ၎င်းအပါအ၀င် ဒဏ်ရာပြင်းထန်သူ (၄) ဦးမှာ ဆေးကုသခွင့် မရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

အမျိုးသမီးများ အများအပြားကို အတင်းအဓမ္မ မုဒိမ်းကျင့်ခဲ့ပြီး ချောမောလှပသည့် အမျိုးသမီး (၃) ဦးကို တောထဲသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဖြည့်စွက် ပြောကြားသည်။ 

ထွက်ပြေး တိမ်းရှောင်ခဲ့နိုင်သူ တစ်ဦးက “သူတို့က ၂ နာရီမှာ ဝိုင်းတယ်။ ၅ နာရီက စပြီးတော့ ရွာထဲကို တရစပ် သေနတ်ပစ်နေခဲ့တယ်။ ကျနော်တို့က ထွက်ပြေးပြီး အသက်လုခဲ့ရတာ။ နေ့လည် ၁၂ နာရီမှာ အိမ်ကို ဖုန်းခေါ်နိုင်ခဲ့တယ်။ နောက်ပိုင်း ဖုန်းကိုပိတ်ထားတော့ အဆက်အသွယ် ပြတ်သွားတယ်။ ကျနော်တို့ အခု တိမ်းရှောင်နေတဲ့ နေရာက လှမ်းမြင်နေရတာက အလောင်းအချို့ကို ရွာရဲ့အရှေ့ဖက်ကို ဒရွတ်တိုက် ယူသွားနေတယ်။ ပြီးတော့ ချောင်းမှာလည်း အလောင်း ၄ လောင်း မျောနေတယ်” ဟု ပြောသည်။ 

ဒဏ်ရာရရှိသူ အချို့မှာ --

(၁) ပါဘီန်ဖာတေမာ (ဘ) ဦးဟိုက်ရုလ်အာမီးန် (အသက် ၇ နှစ်) - ခြေထောက်တွင် ကျည်ဆံ ထိမှန်
(၂) ဆော်ဒူလ်အာမီးန် (ဘ) ဦးရှကူရ်အာမတ် (အသက် ၁၃ နှစ်) - ပေါင်တွင် ကျည်ဆံထိမှန်

သေဆုံးသွားသူ အချို့မှာ --

(၁) နူရူလ်အာမီးန် (ဘ) ဦးရှကူရ်အာမတ် (အသက် ၂၂ နှစ်)
(၂) ဦးဂျဟာန်ဂီးရ် (ဘ) မော်လ၀ီဦးဇာဖောရ်
(၃) မော်လ၀ီ မုစ်တာဖာကာမာလ် (ဘ) ဦးအဗ်ဒူရှကူရ် 
(၄) ဦးနူရ်ကာမာလ် (ဘ) ဦးစလင်း

သေဆုံးသွားသူ ဦးဂျဟာန်ဂီးရ်၏ အလောင်းကို စစ်သားများက ကောက်ရိုးများဖြင့် ဖုံးထားခဲ့ပြီး၊ ရွာသားများက သွားရောက်၍ ယူဆောင် လာခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် အလောင်း (၆) လောင်းကို ရွာသားများ ရရှိခဲ့သော်လည်း ၎င်းတို့ အမည် အပြည့်အစုံကို RB News သို့ ပေးပို့နေစဉ် ပေးပို့သူ၏ ဖုန်းပိတ်သွား၍ အပြည့်အစုံကို ရယူနိုင်ခြင်း မရှိတော့ပေ။

စစ်တပ်၊ လုံထိန်းနှင့် နယ်ခြားစောင့်ရဲ များသည် ညမိုးချုပ်သည့် အချိန်ထိ ပြန်သွားခဲ့ခြင်း မရှိဘဲ ရွာများထဲတွင် ရှိနေသေးကြောင်း ဒေသခံများက ပြောပါသည်။

ယနေ့အခြေအနေနှင့် ပတ်သက်၍ မောင်တော အခြေစိုက် လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့် လေ့လာနေသူတစ်ဦးက “အစက ရွာထဲပိတ်မိနေသူတွေနဲ့ ဖုန်းအဆက်အသွယ် လုပ်နိုင်ခဲ့တယ်။ နေ့လည်အချိန်လည်းရောက်ရော ဖုန်းတွေအကုန် ပိတ်ထားတာ တွေ့ရတယ်။ ကနဦး မေးကြည့်နိုင်ခဲ့တုန်းက အာဏာပိုင်တွေက ကုလသမဂ္ဂ၊ OIC နဲ့ နိုင်ငံတကာမှာ ဆန္ဒပြနေသူတွေကို ဒီမှာ မင်းတို့ကို လာကယ်ခိုင်းပေါ့ ဆိုပြီး ပြောဆိုရင်း သတ်နေခဲ့တာလို့ ရွာသားတွေက ပြောပြတယ်။ သူတို့လာမကယ်မချင်း မင်းတို့ကုလားတွေကို အပြီးချေမှုန်းမယ် ဆိုပြီးလည်း ပြောခဲ့တယ်လို့ ဆိုတယ်။ ရွာက တိမ်းရှောင်လာခဲ့သူ အချို့ကို ဖုန်းခေါ်ကြည့်တော့ အလောင်းတွေ ရွာအရှေ့ဖက်သို့ ဒရွတ်တိုက် ယူဆောင်သွားနေတာ သူတို့မြင်နေကြောင်းပြောပြတယ်။ အလောင်းအချို့ကို ဆင်သေပြင်နှင့် ပန်းမြောင်ရွာကြားမှာ ရှိတဲ့ ချောင်းမှာ မျောနေတာကို တွေ့တယ်လို့ပြောပြကြတယ်။ အစက ရွာထဲကို ဖုန်းခေါ်နိုင်ခဲ့တုန်းက အမျိုးသမီးအတော်များများကို မုဒိမ်းကျင့်တယ် ပြောပြတယ်။ ချောမောလှပတဲ့ အမျိုးသမီး အချို့ကို တောထဲ ခေါ်သွားတယ်လို့လည်း ပြောပြတယ်။ အနည်းဆုံး ရွာသား ၅၀ ကိုဖမ်းဆီးသွားတယ်လို့လည်း သိရတယ်။ ၇ နှစ်အရွယ် မိန်းကလေး တစ်ဦးအပါအဝင် အများကြီး ဒဏ်ရာရကြတယ်။

ဒီနေ့လုပ်သွားတာကို ကြည့်ရင် အာဏာပိုင်တွေက နိုင်ငံတကာကို လုံးဝဂရုမစိုက်ဘူး ဆိုတဲ့သဘော။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့သဘောပဲ။ ၂၅ ရက်နေ့မှာ နိုင်ငံတကာမှာ ဆန္ဒပြနေတာကြောင့် အခုလို လူသတ်ပွဲ လုပ်သွားတယ်လို့ ထင်တယ်။ ဘယ်လောက် ဆန္ဒပြပြ မင်းတို့အတွက် မထူးဘူး။ နိုင်ငံထဲက ထွက်သွား ဆိုတဲ့ ကြောက်စိတ်ဝင်လာအောင် လုပ်တာပဲလို့ ထင်တယ်။” သုံးသပ် ပြောဆိုသည်။

ပေါင်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသည့် ဆော်ဒူလ်အာမီးန် (အသက် ၁၃ နှစ်)



စစ်သားများက သတ်ဖြတ်ပြီး ကောက်ရိုးပုံတွင် ဖွက်ထားသည့် အလောင်း

ဆေးကုသခွင့် မရ၍ သေဆုံးသွားသူ နူရူလ်အာမီးန် (အသက် ၂၂ နှစ်)



Comment ရေးရန်

Rohingya Exodus