နောက်ဆုံးသတင်း/ဆောင်းပါးများ

လိပ်ရကျေးရွာမှ တဲများနှင့် စပါးစည်းများကို စစ်သားများက မီးရှို့၊ ဘာသာရေးဆရာ နှစ်ဦးကို ဖမ်းဆီး

MYARF
RB News
28.11.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် လိပ်ရကျေးရွာရှိ ပုဇွန်ကန်မှ တဲများ၊ စပါးစည်းများကို စစ်သားများ မီးရှို့ခဲ့ပြီး၊ အပြစ်မဲ့ ဘာသာရေးဆရာ နှစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းမှ စစ်သား ၅၀ ခန့်သည် တောင်ပြိုလက်ဝဲမြို့ အပိုင် လိပ်ရကျေးရွာသို့ ရောက်ရှိလာပြီး ၎င်းတို့၏ အိတ်များကို လိပ်ရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် နယ်မြေ ၄ စခန်း) တွင် ထားရှိကာ နယ်စပ် ခြံစည်းရိုး အနားသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများပိုင် ပုဇွန်ကန်များရှိ တဲ (၈) လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့နောက် လယ်ကွင်းသို့ သွားရောက်ပြီး လိပ်ရကျေးရွာမှ ဦးအာဘူရှော်မ၏ တလင်းမှ စပါးစည်း ၃၆၀ စည်းနှင့် အခြားဒေသခံ တစ်ဦး၏ စပါးစည်း ၁၀၀ စည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကွမ်းသီးပင် ကျေးရွာအုပ်စု၊ မီးတိုက်ကျေးရွာ၌ ဆွဲ၊တင်၊စစ် ပုံစံမျိုး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ အိမ်ထောင်စု စာရင်းဖြင့် လူဦးရေ စစ်ဆေးခြင်း၊ မိသားစုများကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် အပြစ်မဲ့ ဘာသာရေးဆရာ နှစ်ဦးကို အကြမ်းဖက်မှုနှင့် ဆက်နွယ်မှု ရှိသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူနှစ်ဦးကို တောင်ပြိုလက်ဝဲရှိ စခန်းတွင် ထိန်းသိမ်းထားစဉ် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မောင်တောမြို့ရှိ ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ --

(၁) မော်လ၀ီ မိုဟာမတ်ရှာကဲရ် (ဘ) ဦးအာမီးရ်ဟမ်ဇာ (အသက် ၁၈ နှစ်)
(၂) မော်လ၀ီ အစ္စလာမ် (ဘ) ဦးရှော်ရိဖ် (အသက် ၂၅ နှစ်) -- တို့ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus