နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘဂုံးနားကျေးရွာအုပ်စု နူရူလ္လာရွာမှ နေအိမ်တစ်လုံးကို နယ်ခြားစောင့်ရဲများက မီးရှို့



MYARF
RB News
25.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ကျေးရွာအုပ်စု၊ နူရူလ္လာရွာမှ နေအိမ်တစ်လုံးကို နယ်ခြားစောင့်ရဲများ မီးရှို့လိုက်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက် (၂) နာရီကျော် အချိန်တွင် ဘဂုံးနားကျေးရွာအုပ်စု၊ နူရူလ္လာရွာမှ ဦးအဒူရော်ဟိမ်း၏ နေအိမ်ကို နယ်ခြားစောင့်ရဲများက မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဦးအဒူရော်ဟိမ်းရဲ့ အိမ်ကို နယ်ခြားစောင့်ရဲတွေက မီးရှို့လိုက်တာပါ။ ရဲကင်းနဲ့ အဲဒီအိမ်က ကိုက် ၁၀၀ လောက်သာ ဝေးပါတယ်။ ဟိုတလောက အဲဒီ ရဲကင်းမှာ နယ်ခြားစောင့်ရဲတွေ အချင်းချင်း ပစ်ခတ်တဲ့ ပြဿနာ ဖြစ်ချိန်ကစပြီး အဲဒီ အိမ်မှာ လူမနေတော့ဘူး။ ကြောက်လို့ ရွှေ့သွားတယ် ထင်ပါတယ်။ အဲဒီ အိမ်အလွတ်ကို နယ်ခြားစောင့်ရဲတွေက မီးရှို့ပြီးတော့ သေနတ်နဲ့ ပစ်ဖောက်တယ်” ဟု အဆိုပါဒေသခံက ပြောပါသည်။

မီးရှို့ခံရခြင်းနှင့် ပတ်သက်၍ မြန်မာပိုင်း မီဒီယာတစ်ခုတွင် လွှဲမှားစွာ ဖော်ပြမှုနှင့် ပတ်သက်၍ ၎င်းက “ကျွန်တော်လည်း အခုပဲ အဲဒီသတင်း ဖတ်လိုက်ပါတယ်။ ဒုချရာတန်းကျေးရွာအုပ်စုလို့ ရေးထားတာ တွေ့တယ်။ ကျွန်တော်တို့က အခုတော့ တပ်ဦးချောင်း ကျေးရွာအုပ်စုပေါ့။ လူတိုင်းက အရင် ဒေသ အခေါ်အဝေါ် ဘဂုံးနားလို့သာ သိကြတယ်။ ဘဂုံးနား ကျေးရွာအုပ်စု၊ နူရူလ္လာရွာပါ။ မီးရှို့ပြီးမှ နယ်ခြားစောင့်ရဲတွေက သေနတ် ပစ်ဖောက်တာပါ။ အဓိက အကြမ်းဖက်သမားတွေ လာပြီး မီးရှို့လို့ သေနတ်နဲ့ ပစ်ဖောက်တယ် ဆိုပြီး ပုံဖော်တာပါ။ အဲဒီမှာ နိုင်ငံခြားသတင်း မြန်မာပိုင်း အစီအစဉ်တွေက အစိုးရဖက် လိုက်နေတော့ သူတို့ပါ ၀ိုင်းပြီး ပုံဖော်ပေးနေတယ် ဆိုတာ သိသာပါတယ်။ အမှန်ကတော့ နယ်ခြားစောင့်ရဲတွေ ကိုယ်တိုင် မီးရှို့တာပါ။ ဒီအချိန်မှာ ရွာထဲကို ဘယ်သူ့မှ မလာဘူးဆိုတာ တစ်ရွာလုံးသိပါတယ်” ဟု ပြောသည်။

ဦးအဒူရော်ဟိမ်း၏ အိမ်မီးလောင်နေပုံကို အဝေးမှ ရိုက်ကူးထားသော ဗီဒီယို


Comment ရေးရန်

Rohingya Exodus