နောက်ဆုံးသတင်း/ဆောင်းပါးများ

မြင်းလွတ်မြို့တွင် ဆရာ/မ အဆောင်ကို စစ်သားများ မီးရှို့ပြီးနောက် ရိုဟင်ဂျာရွာသားများကို ညှဉ်းပန်းနှိပ်စက်

RB News
9.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့ရှိ ဆရာ/မ များ၏ အဆောင်တစ်ခုကို စစ်သားလေးဦးက မီးရှို့ပြီးနောက် လက်နက်ကိုင် အာဏာပိုင်များက ရိုဟင်ဂျာ ရွာသားများကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ လုယက်ခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၇) ရက်နေ့ ည ၆း၃၀ နာရီခန့်တွင် မြင်းလွတ်မြို့ရှိ ဆရာ/မ များ၏ အဆောင်တစ်ခုကို စစ်သားလေးဦးက မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် ည ၈း၃၀ နာရီအချိန်တွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ရွာများအတွင်းသို့ ၀င်ရောက်၍ အပြစ်မဲ့ရွာသားများအားလုံးကို ဖမ်းဆီးရန် ကြိုးစားခဲ့သဖြင့် ရွာလုံးကျွတ် နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“အဲဒီနေ့ တနင်္လာနေ့ပါ။ ညနေပိုင်းမှာ သေနတ် (၇) ကြိမ်တစ်ခါ၊ နောက် (၂) ကြိမ်တစ်ခါ မိုးပေါ်ထောင် ပစ်တာ ကြားလိုက်တယ်။ ပြီးတော့ နေ၀င်ချိန်မှာ ဆရာမတွေ အဆောင် မီးရှို့တာ သိလိုက်ရတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ မြင်းလွတ်က အုပ်ချုပ်ရေးမှူး (၇) ယောက်ကို အာဏာပိုင်တွေက ခေါ်ပြီး ရိုက်နှက်တယ်။ ပြီးတော့ ၈ နာရီခွဲလောက်မှာ ရွာတွေကို စစ်တပ်နဲ့ BGP က ၀ိုင်းတော့ ရွာသားတွေက စိုးရိမ်ပြီး ထွက်ပြေးကြရတယ်၊ အဲဒီနေ့က (၁၇) ယောက် ဖမ်းသွားတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

နိုဝင်ဘာလ (၈) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် တောင်ရွာမှ သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သူ ဦးဟာဘီအုလ္လာ (အသက် ၆၀ နှစ်) ကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ သေလုမျောပါး ရိုက်နှက်ခဲ့သည်။ ထို့အပြင် နံနက် ၉  နာရီခန့်တွင် တောင်ရွာမှ အသက် (၇၀) နှစ် အရွယ် ဦးဇာဖောရ်အာမတ်သည် ဗလီမှအပြန် စစ်သားများကို တွေ့သဖြင့် အိမ်တစ်အိမ်ထဲသို့ သားဖြစ်သူနှင့် အတူ ၀င်သွားရာ စစ်သားများက အပြင်သို့ ခေါ်ထုတ်၍ သေလုမျောပါး နီးပါး ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

“ဦးဟာဘီအုလ္လာနဲ့ ဦးဇာဖောရ်အာမတ် တို့က အရမ်းကို အသက်ကြီးနေတဲ့ လူတွေပါ။ သူတို့ကို ရက်ရက်စက်စက် ရိုက်တာ သေပြီလို့တောင် လူတွေက ထင်ကြတယ်” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

နံနက် ၉း၃၀ နာရီအချိန်တွင် အလယ်ရွာမှ မော်လ၀ီကာစင်၏ ဗလီတွင် မော်ဇင် (၀တ်ပြုရန် ဖိတ်ခေါ်သူ) ပြုလုပ်သူ တောင်ရွာမှ အသက် (၇၀) နှစ်ကျော် အရွယ် ဦးနူရူအစ္စလာမ်ကိုလည်း လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။

နေ့လည် ၁၂ နာရီခန့် အချိန်တွင် အလယ်ရွာမှ ဆယ်အိမ်မှူး ဦးရာဟမတ်အုလ္လာ၊ ဦးရော်ရှိတ်နှင့် သားဖြစ်သူ  အဒူမိုတာလာဗ် တို့ကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ နေ့လည်ပိုင်းတွင် အမျိုးသမီးတစ်ဦးကို ၎င်း၏ ခြံဝင်းအတွင်းတွင်ပင် ရိုက်နှက်ခဲ့သည်။

ညပိုင်း ၉  နာရီအချိန်တွင် မော်လ၀ီ အီဗ်ရာဟင်မ်၏ အိမ်တံခါးကို ရိုက်ချိုး၍ ၀င်ရောက်ပြီး အိမ်ထဲရှိ အဖိုးတန် ဖုန်းများနှင့် ဖုန်းအပိုပစ္စည်းများ၊ အိမ်သုံးပစ္စည်းများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ယူဆောင် သွားခဲ့သည်။

“ မော်လ၀ီ အီဗ်ရာဟင်မ်က ဖုန်းဆိုင်ဖွင့်ထားသူပါ။ အခြေအနေက မအေးချမ်းတော့ ဆိုင်ကပစ္စည်းတွေကို အိမ်ကို သယ်ထားခဲ့တယ်။ အဲဒါတွေ အားလုံးကို စစ်သားတွေနဲ့ နယ်ခြားစောင့်တွေက အိမ်တံခါး ရိုက်ချိုးပြီး အကုန်ခိုးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် အလယ်ရွာရှိ ဘာသာရေးကျောင်း အနီးရှိ ဆိုင်ခန်း (၃၀) ခန်းကို တံခါးများ ရိုက်ချိုးဖျက်ဆီး၍ နှစ်ရက်တိတိ လုယက်ခဲ့ကြောင်း ဆိုင်ခန်းများ အနီးမှ ဒေသခံတစ်ဦးက ပြောသည်။

“ဆိုင်ခန်းတွေကို နှစ်ရက်တိုင်တိုင် တံခါးတွေ ရိုက်ချိုး ဖျက်ဆီးပြီး လုတယ်။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်လုံး လုတာပါ။ အကုန်နီးပါး စားကုန်ပစ္စည်းဆိုင်တွေပါ။ ဆိုင်ခန်း ၃၀ လောက်ရှိပါမယ်” ဟု အဆိုပါ ဒေသခံကပြောပါသည်။

စစ်သားများနှင့် နယ်ခြားစောင့်ရဲများက နေအိမ်များအတွင်းရှိ အမျိုးသမီးများကို အပြင်ထုတ်ထားပြီး အိမ်များ အထဲသို့ ၀င်ရောက်ကာ စိတ်ကြိုက် လုယက်ပြီးနောက် မလိုချင်သည့် အိမ်သုံး ပစ္စည်းများကို ဖျက်ဆီးကြောင်း၊ ခြံဝင်းအတွင်းရှိ ကြက်၊ ဘဲ၊ ငှက်များ အားလုံး ဖမ်းဆီး ယူဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

“လက်နက်ကိုင်ပြီး အနိုင်ကျင့်နေတဲ့ စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲတွေ ရွာထဲဝင်လာပြီး အိမ်ထဲမှာ ရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို အပြင်ထွက်ခိုင်းတယ်။ ကျွန်တော်တို့ အမျိုးသားတွေက သူတို့ ၀င်လာတာ အသံကြားတာနဲ့ အသက်လုပြီး ပြေးရတယ်။ မပြေးရင် ကျွန်တော်တို့ကို ပိုနှိပ်စက်တယ်။ အိမ်ထဲက လူတွေ အပြင်ထုတ်ပြီးရင် အိမ်ထဲမှာ သူတို့က စိတ်တိုင်းကျ မွှေနှောက်တယ်၊ ရွှေ၊ ငွေ၊ ရတနာ၊ အဖိုးတန်၊ ငွေသား ရသမျှ အကုန်ယူတယ်။ သူတို့မယူနိုင်တဲ့ အိမ်သုံး ပစ္စည်းတွေ၊ စားသောက်ကုန်တွေကို ချနင်းပြီး ဖျက်ဆီး ပစ်တယ်၊ ပန်းကန်တွေ ရိုက်ခွဲတယ်၊ ခြံထဲရှိသမျှ အိမ်မွေး တိရိစ္ဆာန် အားလုံး ဖမ်းသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ (၇) ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးသွားသူ (၁၇) ဦးမှ (၁၆) ဦးကို နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် တစ်ဦးကို ယနေ့ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ပြန်လွှတ်ပေးခဲ့သည့် ဦးအဏ္ဏ၀ါ (ဘ) မော်လ၀ီရှောမ်ရှုကို လက်ထဲတွင် မိုဘိုင်းဖုန်း ရှိသည့်အတွက်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

နိုဝင်ဘာလ (၇) ရက်နေ့ ညပိုင်းတွင် အပြစ်မဲ့များကို ဖမ်းဆီးခဲ့မှုကြောင့် ရွာများမှ အမျိုးသားများသည် ညတိုင်း ရွာအပြင်ထွက်၍ တောတောင်များထဲတွင် ပုန်းရှောင်နေရပြီး၊ ယနေ့ညမှာ သုံးညမြောက်ညတွင် တောတောင်ထဲတွင် အမျိုးသား ၁၂၀၀ ခန့်ရှိမည်ဟု တောင်ကြားထဲတွင် ရောက်ရှိနေသည့် အမျိုးသား တစ်ဦးက RB News သို့ ဖုန်းဖြင့် ပြောသည်။


Comment ရေးရန်

Rohingya Exodus