နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ငွေ ၃၆ သိန်းနီးပါး ညှစ်ခံရသည့် ဒေသခံများကို ငွေညှစ်ခံရခြင်း မဟုတ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် ရေးထိုးခိုင်း

RB News
7.11.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ ဗိုလ်ကြီးထင်ကျော်နှင့် အဖွဲ့၏ ငွေညှစ်ခြင်းကို ခံရသူများအား ခေတ္တတပ်ရင်းမှူးက ဆင့်ခေါ်၍ ငွေညှစ်ခံရခြင်း မဟုတ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၅၂) တပ်ရင်းမှ ဗိုလ်ကြီးထင်ကျော်၊ ဒုတပ်ကြပ် ကျော်နိုင်အေး တို့က ဒေသခံ (၃၀) ကျော်ထံမှ ငွေကျပ် ၃၆ သိန်းနီးပါး ညှစ်ယူခဲ့သည့် သတင်းကို နိုဝင်ဘာလ (၄) ရက်နေ့တွင် RB News ၌ ဖော်ပြခဲ့သည်။ (သတင်းအပြည့်အစုံ - http://bit.ly/2fhLi4a)

သတင်းဖော်ပြပြီးနောက် နိုဝင်ဘာလ (၆) ရက်နေ့က ခမရ (၅၅၂) တပ်ရင်းမှ ခေတ္တတပ်ရင်းမှူးက ငွေညှစ်ခံရသူများကို ဆင့်ခေါ်၍ ငွေညှစ်ခံရခြင်း မဟုတ်ကြောင်း အတင်းအဓမ္မ ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ငွေညှစ်ခံရခြင်းနှင့် ပတ်သက်၍ RB News သို့ သတင်းပို့သူကိုလည်း ဖော်ထုတ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ ဒီမှာ ငွေညှစ်ခံရလို့ အာဏာပိုင်တွေကို သွားတိုင်ရင်လည်း တိုင်တဲ့လူကိုသာ အရေးယူတယ်။ မီဒီယာကို ပြောရင်လည်း မဟုတ်ဘူးဆိုပြီး ခံဝန်ချက် ထိုးခိုင်းတယ်။ တရားဥပဒေဆိုတာ လုံးဝ မရှိဘူး။ ကျွန်တော်တို့ မီဒီယာကို ပြောတာက ပြည်ထောင်စု အစိုးရထိ၊ စစ်တပ်ခေါင်းဆောင်ပိုင်းတွေထိ သတင်းရောက်အောင် ပြောတာပါ။ အာဏာပိုင်တွေကို တိုင်တာထက် ပိုထိရောက်လို့ပါ။ အခု အထက်က စစ်ဆေးရင် ပြဖို့ဆိုပြီး ခံဝန်ချက်ထိုးခိုင်း လိုက်တယ်။ ကျွန်တော်တို့ အပေါ် ကျူးလွန်နေတာတွေကို အစိုးရက ဘယ်သောအခါမှ ဥပဒေနဲ့ ဖြေရှင်းပေးမှာလဲ။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ယခင်က ငွေညှစ်မှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ အချို့ကို နေပြည်တော်မှ ဆင့်ခေါ်၍ စစ်ဆေးမှုများ ရှိခဲ့သော်လည်း စစ်ဆေးခံရသူများက သိန်းရာချီသုံး၍ ၎င်းတို့ အမှုများကို ပိတ်ပြီး ပြန်လာလေ့ ရှိသဖြင့် ဥပဒေမဲ့ ငွေညှစ်နေခြင်းများ ရပ်တန့် မသွားခဲ့ကြောင်း၊ ယခုအခါ မောင်တောပြဿနာကို အကြောင်းပြု၍ စစ်တပ်က ပိုမို၍ အာဏာရှိနေသကဲ့သို့ ဖြစ်လာပြီး စစ်သားများက ယခင်ကထက် ပိုပြီး ငွေညှစ်နေခြင်းများ နေရာတိုင်းတွင် ကြုံတွေ့နေရသည်။


Comment ရေးရန်

Rohingya Exodus