နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံနှင့် ကြိမ်ချောင်းတို့တွင် လေးရက် အတွင်း စစ်သားများ၏ ပစ်ခတ်မှု၊ လုယက်မှု၊ ဖမ်းဆီးမှု၊ ဖျက်ဆီးမှုများ ရှိခဲ့

MYARF
RB News
15.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လောင်းဒုံး ကျေးရွာအုပ်စုနှင့် ကြိမ်ချောင်း ကျေးရွာ အုပ်စုတို့တွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ ရွာသားများ အထိတ်တလန့် ဖြစ်၍ တိမ်းရှောင်ခဲ့ရပြီး၊ စစ်သားများ၏ လုယက်မှု၊ ဖမ်းဆီးမှု၊ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီခန့် အချိန်တွင် လောင်းဒုံးကျေးရွာအုပ်စု၊ ကြိုက်ချောင်းရွာရှိ သင်္ချိင်း အရှေ့ဘက် ကားလမ်းပေါ်တွင် ကြိမ်ချောင်းသို့ သွားနေသည့် စစ်ကားတစ်စီးမှ နောက်ဘီးတစ်လုံး အလိုအလျောက် ပေါက်သွားခဲ့သည်။ ထို့နောက် စစ်သားများသည် စစ်ကားပေါ်မှ ဆင်းလာပြီး တစ်နာရီကျော်ကျော် အဆက်မပြတ် သေနတ် ပစ်ခတ်ခဲ့သည်။ ထိုသို့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် အနီးအနားရှိ လောင်းဒုံးကျေးရွာအုပ်စု ကြိုက်ချောင်း၊ ဖော်ကီတောင်ရွာနှင့် ကြိမ်ချောင်းကျေးရွာအုပ်စု အလယ်ရွာတို့မှ ရွာသူရွာသားများ အထိတ်တလန့် ဖြစ်ကြပြီး ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြသည်။ ယင်းနေ့ ညနေ (၅) နာရီခွဲခန့်အချိန်တွင် သေနတ် ပစ်ခတ်မှု ရပ်တန့်သွားပြီး အခြေအနေတည်ငြိမ်သွားပြီးဟု ယူဆ၍ အိမ်ထဲမှ အပြင်သို့ ငေးကြည့်နေသော ဖော်ကီတောင်ရွာသား ဦးနော်ဇူမုဒိန်၊ အသက် (၅၄) နှစ်သည် စစ်သားတစ်ဦး၏ သေနတ်ပစ်ခြင်းခံရပြီး ဦးခေါင်းကို ထိမှန်း၍ အလွန် စိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ကြိမ်ချောင်းကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၄) နှင့် ရဲစခန်းသို့ ခမောင်းဆိပ် တပ်ရင်းမှ စစ်ကား (၄) စီး၊ တောင်ပြိုတပ်ရင်းမှ စစ်ကား (၂) စီးဖြင့် စစ်သားများ ရောက်ရှိလာခြင်း၊ မောင်တော တောင်ပိုင်းရှိ မောရဝတီတပ်ရင်းမှ လက်နက်ငယ်နှင့် လက်နက်ကြီးများကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ယူလာခြင်း စသော အစိုးရ လက်နက်ကိုင်တပ်သားများ၏ ထူးခြားသော ပြင်ဆင်လှုပ်ရှားမှုများကို အနီးအနားရှိ ရွာသားရွာသားများ မြင်ပြီးနောက် ယင်းနေ့ ညနေပိုင်းအချိန်၌ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

အလားတူ ကြိမ်ချောင်းကျေးရွာအုပ်စု မြောက်ရွာနှင့် အလယ်ရွာတို့မှ ရွာသူရွာသားများသည်လည်း ကြိမ်ချောင်း တောင်ရွာနှင့် ပြူးမချောင်း၏ တစ်ဖက်ကမ်းရှိ မြို့မိချောင်း ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ယင်းနေ့ ညနေ (၅) နာရီခွဲခန့်တွင် စစ်သားများသည် ကြိမ်ချောင်း စခန်းမှ ရုတ်တရက် ထွက်လာပြီး သေနတ်များ အဆက်မပြတ် ပစ်ဖောက်ခဲ့သည်။ ထို့သို့ ပစ်ဖေါက်မှုကြောင့် ရွာသူရွာသားများမှာ ပိုမို အထိတ်တလန့် ဖြစ်ကြခဲ့ပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယင်းနေ့ ညပိုင်းတွင် ကြိမ်ချောင်းကျေးရွာ၌ မည်သည့် ဆူပူသောင်းကြွမှုများ မဖြစ်ခဲ့သော်လည်း ပြူးမချောင်းကို ကူးဖြတ်နေသော ကြိမ်ချောင်း အလယ်ရွာမှ အသက် (၁၈) နှစ် အရွယ် ရွာသားတစ်ဦးကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် အလွန် စိုးရိမ်းရသည့် ဒဏ်ရာရရှိခဲ့သည်။

နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကြိမ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ရွာသားများကို ရွာထဲပြန်ဝင်လာရန် လော်စပီကာဖြင့် နှိုးဆော်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ကြိမ်ချောင်းကျေးရွာမှ ရွာသူရွာသားများသည် မိမိတို့၏ နေရပ်သို့ ပြန်လာခဲ့ကြသည်။ အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်နှင့် ရပ်မိရပ်ဖ အချို့သည် ကြိမ်ချောင်း ဈေးဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ပြူမချောင်း တစ်ဘက်ကမ်းရှိ မြို့မိချောင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူများအတွက် စက်လှေများ စေလွှတ်၍ ပြန်ခေါ်လာပြီး ပြန်ရောက်လာသူများကို စစ်ဆေးကာ လက်ခံခဲ့သည်။ 

“ကျနော်တို့ စက်လှေနဲ့ ကူးလာကြတယ်။ ပြီးတော့ ကျနော်တို့အားလုံးကို ရယကရုံးကို ခေါ်သွားပြီးတော့ အိမ်ထောင်စုစာရင်းနဲ့ တစ်ဦးချင်းစီ စစ်ဆေးခဲ့တယ်။ အဲဒီမှာ အုပ်ချုပ်ရေးမှူး ပါတယ်။ စ.ရ.ဖလည်း ပါတယ်။ သူတို့က လက်ကိုင်ဖုန်းတွေ တွေ့ရင် လုယူတယ်။ အဲဒီလို စစ်ဆေးပြီးတော့ အိမ်ပြန်ခိုင်းတယ်။” ဟု စစ်ဆေးခံခဲ့ရသည့် ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ယင်းနေ့ နံနက်ပိုင်းတွင် ကြိမ်ချောင်းစခန်းမှ စစ်သားများသည် လောင်းဒုံကျေးရွာအုပ်စု မျာဇင်ရွာသို့ စီးနင်းဝင်ရောက်ပြီး အပြစ်မဲ့ ဒေသခံ (၁၁) ဦးကို ဖမ်းဆီးခဲ့သည်။ ထို (၁၁) ဦးထဲတွင် လောင်းဒုံ မျာဇင်မှ (၇) ဦး၊ ဖော်ကီတောင်မှ (၂) ဦး၊ ကြိုက်ချောင်းမှ (၁)ဦး ဖြစ်ပြီး ကျန် (၃) ဦးမှာ ၎င်းရွာတွင် တိမ်းရှောင် နေသည့် ကြိမ်ချောင်းရွာသားများ ဖြစ်ကြသော အလယ်ရွာမှ ဦးဘော်ရှိရ်၊အသက် (၅၂)နှစ် နှင့် မြောက်ရွာမှ လူငယ် (၂) ဦးတို့ ဖြစ်ကြသည်။ ဖမ်းဆီးခံရသူများကို ကြိမ်ချောင်း ရဲစခန်းသို့ ခေါ်ဆောင်လာစဉ် လမ်းတဝက်တွင် တွေ့ရှိသည့် ကြိမ်ချောင်း၊ အလယ်ရွာမှ ဦးနူရ်အာလောမ်၊ အသက် (၅၆) နှစ်ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ စစ်သားများ၏ စီးနင်းဝင်ရောက် ပစ်ခတ်မှုကြောင့် အထိတ်တလန့် ဖြစ်နေသည့် လောင်းဒုံ၊ ကြိုက်ချောင်းမှ အသက် (၁၇) အရွယ် အာယစ် (ဘ) ဦးကာမာလ်မှာ ပြူးမချောင်းကို ကူးဖြတ်နေစဉ် ချောင်းတစ်ဝက်၌ ရေနစ်မြုပ်ခံရပြီး အသက်ဆုံးရှုံးခဲ့သည်ဟု သိရှိရသည်။ ထို့အပြင် ကျည်ဆံထိမှန်သော လူငယ်အချို့လည်း ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လည် ၁ နာရီတွင် စစ်သားအင်အား ၅၀ ကျော်သည် အဆိုပါ လောင်းဒုံ မျာဇင်ရွာသို့ ထပ်မံ၍ ၀င်ရောက် စီးနင်းပြီး ဆိုင်းခန်းများ လုယက်ခြင်းနှင့် နေအိမ်များထဲ ဝင်ရောက်၍ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကြိမ်ချောင်း၊ တောင်ရွာသို့ စီးနင်းဝင်ရောက်ရာ နွားတစ်ကောင် ဖော်၍ ခုတ်ထစ်ရန် ပြင်ဆင်နေသည့် ရွာသားများက စစ်သားများကို ကြောက်လန့်ပြီး နွားကို ထားကာ ထွက်ပြေးသွားခဲ့ကြသည်။ စစ်သားများသည် အဆိုပါ နွားကို ခုတ်ထစ်၍ ယူဆောင်သွားသည့် အပြင် အိမ်အချို့သို့ ဝင်ရောက်၍ လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

"ကျနော်တို့ ကြိမ်ချောင်းမှာ ပညာတတ်တွေများတယ်ဆိုတော့ အစိုးရဌာနဆိုင်ရာတွေကို အမြဲ ဝိုင်းဝန်းကူညီကြတယ်။ လိုအပ်တာတွေ အကုန် ဖြည့်ဆည်းပေးတာပဲ။ အခု စစ်သားတွေ စခန်းလာချတော့ သူတို့ကို အုပ်ချုပ်ရေးမှူးနဲ့ ကျနော်တို့ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး ဆိုင်ရှင်များဖက်က ကောက်ပြီးတော့ ငွေကျပ်သိန်း (၄၀) ပေးလိုက်တယ်။" ဟု ရွာသားတစ်ဦးက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus