နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် မီးရှို့မှု၊ သတ်ဖြတ်မှုများ ဆက်လက်ပြုလုပ် အနည်းဆုံး ၈၀ ကျော် အသတ်ခံရ

MYARF
RB News
14.11.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဒါးကြီးစားကျေးရွာ၊ ရေခဲချောင်းခွဆုံ၊ကျားခေါင်းတောင်နှင့် သူဦးလာ ကျေးရွာများသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ၀င်ရောက်၍ အပြစ်မဲ့ ဒေသခံပြည်သူများ၏ နေအိမ်များ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် ၆ နာရီခွဲခန့်မှ စ၍ ရေခဲချောင်းခွဆုံ ကျေးရွာသို့ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့ဝင်ရောက်၍ ဒေသခံပြည်သူများကို နေအိမ်များမှ မထွက်လျှင် သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ နေအိမ်များ စွန့်ခွာခိုင်းခဲ့သည်။ ထို့နောက် လောင်ချာများဖြင့် ပစ်ခတ်၍ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သည်။


အလားတူ ဒါးကြီးစားရွာရှိ နေအိမ်များကို တစ်လုံးမကျန် မီးရှို့ဖျက်ဆီးခဲ့ပြီး၊ လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် မိသားစု (၃) စု အသက်ဆုံးရှုံးခဲ့ရသည်။ 

“ကျွန်တော်တို့ ဒါးကြီးစားမှာ အိမ်ခြေ ၇၀၀ လောက်ရှိတယ်။ စစ်တပ်က မီးရှို့လိုက်တာ တစ်အိမ်မှမကျန်တော့ဘူး။ လူတွေလည်း တော်တော်လေး အသက်ခံလိုက်ရတယ်။” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နံနက် (၁၀) နာရီခန့် အချိန်တွင် နေအိမ်များ မီးရှို့ခံနေရ၍ သရက်အုပ်ကျေးရွာဖက်သို့ ချောင်းကူးပြီး သွားနေသူများကို ရေတပ်မှ ပစ်ခတ်ရာ လှေပိုင်ရှင်နှစ်ဦးနှင့် ဦးယူနုစ်၏ အသက် (၈) နှစ်အရွယ် သားတစ်ဦး သေဆုံးသွားခဲ့သည်။ 

ကျားခေါင်းတောင် ကျေးရွာမှ ဒေသခံများ၏ နေအိမ်များထဲသို့ စစ်သားများ ၀င်ရောက်ပြီး စိတ်တိုင်းကျ လုယက်ပြီးနောက် နေအိမ်များမှ မောင်းထုတ်ပြီး ၎င်းတို့ ရှေ့တွင်ပင် နေအိမ်များကို စစ်သားများက မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောပါသည်။ အမျိုးသမီး အချို့က ၎င်းတို့၏ ကလေးများကို စစ်သားများက မီးလောင်နေသည့် အိမ်များအတွင်းသို့ ပစ်ထည့်၍ သတ်ဖြတ်ခဲ့သည်ဟု ငိုယို၍ ပြောဆိုနေကြသည်။ 

ညနေ (၄) နာရီခန့်တွင် လောင်းဒုံကျေးရွာအုပ်စု၊ ကြိုက်ချောင်းရှိ သင်္ချိုင်းအနီးတွင် စစ်သားများက အဆက်မပြတ် သေနတ်ပစ်ခတ်မှုကြောင့် ယင်းရွာငယ်နှင့် ကပ်လျက်ရှိသော လောင်းဒုံ ဖော်ကီတောင်မှ ဦးနော်ဇူမုဒိန် (အသက် ၅၄ နှစ်) ၏ ဦးခေါင်းကို ကျည်ဆံထိမှန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။ 

ညနေ ၄း၁၅ နာရီတွင် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ ၀ါးပိတ်ရွာရှိ လက်ကျန်အိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ 

ညနေ ၄ နာရီခန့်မှ ၅ နာရီခွဲ အချိန်ထိ လေတပ်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် မောင်တောမြို့နယ် တောင်ပိုင်း မောရ၀တီမှ ကြိမ်ချောင်းသို့ လက်နက်များ သယ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ကြိမ်ချောင်းရှိ ဒေသခံများလည်း စစ်သားများ ထပ်မံရောက်ရှိခြင်း၊ စစ်သားများက အကြောင်းမဲ့ ကျေးရွာဘက်သို့ ပစ်ခတ်နေမှုများကြောင့် နံနက် အစောပိုင်းမှစ၍ နီးစပ်ရာရွာများသို့ ပြောင်းရွှေ့ကြရာ ညနေပိုင်းတွင် ကောလဟလ သတင်းများ ထွက်ပေါ်နေမှုကြောင့် အစုလိုက်အပြုံလိုက် ပြောင်းရွှေ့သွားခဲ့ကြသည်။ 

သူဦးလာကျေးရွာမှ ဒေသခံများလည်း နီးစပ်ရာရွာများတွင် ခိုလှုံနေကြရပြီး ၎င်းတို့၏ အိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဆိုသည်။

စစ်သားများက လက်နက်ကြီးများဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုကြောင့် ဒါးကြီးစား၊ ပွင့်ဖြူချောင်း၊ ရေခဲချောင်း ခွဆုံ၊ ကျားခေါင်းတောင်၊ မျောတောင် စသည့်ကျေးရွာများမှ အပြစ်မဲ့ ပြည်သူ အနည်းဆုံး ၁၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့သည်ဟု မောင်တောမြို့၏ အခြေအနေကို လေ့လာစောင့်ကြည့်နေသူများက ပြောပါသည်။ 

“တနင်္ဂနွေနေ့ တစ်ရက်တည်းမှာ ရေခဲချောင်းခွဆုံ၊ ဒါးကြီးစား၊ ကျားခေါင်းတောင် စတဲ့ ရွာတွေမှာ အသတ်ခံရတာ ၈၀ ကျော်ရှိမယ်။ ဆက်သွယ်ရေး အရမ်းခက်ခဲနေလို့ အတိအကျ စာရင်းလုပ်လို့ မရဖြစ်နေတယ်။ စာရင်းလုပ်လို့ရရင် ဒီထက် များမယ်လို့တောင် ယူဆရတယ်။” ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တစ်ဦးက ပြောသည်။ 

နှစ်ရက်အတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ ၅၀၀၀ နီးပါးရှိပြီး၊ ၎င်းတို့မှာ ခိုလှုံရန် နေရာမရ ဖြစ်နေကြပြီး၊ စားသောက်ခွင့်မရ၊ ဒဏ်ရာရရှိသူများ ဆေးကုသခွင့်မရ စသည့် အခက်အခဲပေါင်းများစွာ ကြုံတွေ့လျက် ရှိကြောင်း၊ ကလေးငယ်များမှာ ငတ်မွတ်မှုကြောင့် အော်ဟစ် ငိုယိုနေကြသည်ဟု ဆိုသည်။

ကျားခေါင်းတောင်မှ နေရပ် စွန့်ခွာခဲ့ရသူများ


Comment ရေးရန်

Rohingya Exodus