နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံ ကျေးရွာ ဆင်သေပြင်သို့ စစ်သားများ ၀င်ရောက်၍ ရိုက်နှက် လုယက် ဖျက်ဆီးမှုများ ပြုလုပ်

Rohingya Eye
RB News
24.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာသို့ စစ်သားများ ၀င်ရောက်၍ ရိုက်နှက် လုယက် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ဆင်သေပြင် ကျေးရွာ၏ အရှေ့ဘက်တွင် နိုဝင်ဘာလ (၂) ရက်နေ့မှစ၍ စစ်သား အင်အား ၁၀၀ ကျော် စခန်းချ နေထိုင်လျက် ရှိသည်။ 

ယနေ့ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် စစ်သား (၁၇) ဦးခန့်သည် ဆင်သေပြင် ကျေးရွာသို့ ၀င်ရောက် စီးနင်းပြီး၊ လမ်းတွင် တွေ့သော ဦးအာခ်ဘာရ်ဟူဆောင်း (ဘ) ဦးအော်လီဟူဆောင်း (အသက် (၇၀) နှစ်ကို စစ်သားတစ်ဦးက သေနတ်ဖြင့် ထုရိုက်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသောကြောင့် သေလုမျောပါး ဖြစ်နေရသည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ စစ်သားများသည် ဦးဟာဘီရော်မာန် (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၅၀ နှစ်) ၏ နေအိမ်နှင့် ကပ်လျက် ရှိသော ဧက၀က် ရှိသည့် ငရုတ်စိုက်ခင်းကို ဖျက်ဆီးခဲ့သည်။ ထို့နောက် ခြံထဲသို့ ၀င်ကာ ခြံထဲတွင် အလုပ်လုပ်နေသော ဦးဟာဘီရော်မာန်၏ အသက် (၁၆) နှစ် အရွယ် သမီးကို မုဒိမ်းကျင့်ရန် ကြိုးစားရာ မိန်းကလေး ဖြစ်သူက ဟစ်အော် ငိုကြွေးသောကြောင့် မုဒိမ်းကျင့်ရန် ကြိုးစားမှု အထမမြောက်ခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

အလားတူ ဦးအဒူရှကူရ် (ဘ) ဦးအလီမျာ (အသက် ၄၈ နှစ်) က စပါးများ ရိတ်သိမ်းပြီး ပုံထားသည့် စပါးများကို စစ်သားများက ဖျက်ဆီးခဲ့သည်။ 

ဆင်သေပြင်ရွာ၏ အရှေ့ဘက်တွင် စခန်းချ နေထိုင်လျက် ရှိသော စစ်သားများသည် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဦးဇာဖော်ရ် (ဘ) ဦးဟာကိမ်းအလီ (အသက် ၆၀ နှစ်) ၏ နွားတစ်ကောင်နှင့် နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ဦးအီလီယာစ် (ဘ) ဦးအဘူဆူဖီယာန် (အသက် ၃၀ နှစ်) ၏ ကျွဲတစ်ကောင် တို့ကို လုယက် ယူဆောင်သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ရွာမှ လူကြီးတစ်ဦးက “စစ်သားတွေ ရွာထဲဝင်လာတာနဲ့ တွေ့သမျှ လူတွေကို ရိုက်တယ်၊ ဖမ်းတယ် ဆိုတော့ အမျိုးသားတွေ ရွာထဲမှာ မနေရဲတော့ဘူး။ အမျိုးသမီးတွေဘဲ အိမ်မှာ နေကြတယ်။ သူတို့က အိမ်ထဲ ၀င်တာနဲ့ ရုပ်ရည်သင့်တင့်တဲ့ အမျိုးသမီး ဆိုရင် မုဒိမ်းကျင့်တယ်။ မဖွယ်မရာ လုပ်တယ်။ အမျိုးသမီးတွေရဲ့ ဘ၀ လုံခြုံမှု မရှိဖြစ်နေတဲ့အတွက် ရွာမှာ မနေရဲတော့ဘဲ တစ်ဖက်နိုင်ငံကို ထွက်ပြေးဖို့ စီစဉ် နေကြတယ်။ စစ်သားတွေက နယ်မြေ ရှင်းလင်း နေတာလား၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖို့ အစိုးရက ခွင့်ပြုထားတာလား၊ အစိုးရကို မေးခွန်း ထုတ်ချင်တယ်” ဟု ပြောသည်။ 


Comment ရေးရန်

Rohingya Exodus