နောက်ဆုံးသတင်း/ဆောင်းပါးများ

ဓါးကြီးစားမှ ကလေးများ ၀မ်းပျက်ဝမ်းလျှောကြောင့် အသက်ဆုံးရှုံးမှုများ ဖြစ်လာမည်ကို စိုးရိမ်ရ

Rohingya Eye
RB News
24.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဓါးကြီးစား ကျေးရွာမှ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ ဒုက္ခသည် ကလေးများ ၀မ်းပျက်ဝမ်းလျှော ရောဂါ ဝေဒနာကို အပြင်းအထန် ခံစားနေရကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ ဓါးကြီးစား ကျေးရွာကို နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ စစ်သားများက စတင် မီးရှို့ခဲ့ရာ ယခုအခါ တစ်ရွာလုံးတွင် အိမ်တစ်လုံးမှ မကျန်တော့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများထဲမှ အိမ်ခြေ (၃၀၅) လုံးရှိ မိသားစုများသည် သရက်အုပ် ကျေးရွာ၏ အရှေ့ဘက်၊ သူဦးလာ ကျေးရွာ၏ အနောက်ဘက် လယ်ကွင်းပြင်တွင် အုပ်စု သုံးစုခွဲကာ ပလတ်စတစ် အမိုး၊ မိုးကာပြီး၊ ကောက်ရိုးခင်းကာ အုပ်စုသုံးစုခွဲ၍ ယာယီတဲထိုးကာ နေထိုင်လျက် ရှိသည်။ ကျန်သည့် အိမ်များမှ မိသားစုများသည် အခြားရွာများသို့ သွားရောက်၍ ခိုလှုံလျက် ရှိကြောင်း ဒုက္ခသည်များက RB News သို့ပြောသည်။ 

၎င်းတို့ တဲထိုး၍ နေထိုင်သည့် နေရာများသည် ဆားမြေများ ဖြစ်သောကြောင့် လေကောင်းလေသန့် မရရှိသည့် အပြင် ရေကောင်းရေသန့်လည်း မရရှိကြောင်း၊ သရက်အုပ် ကျေးရွာမှ တတ်နိုင်သမျှ အစာရေစာများ ပေးနေသော်လည်း လုံလောက်မှု မရှိကြောင်း၊ လေကောင်းလေသန့်၊ ရေကောင်းရေသန့် မရရှိမှုကြောင့် ကလေး ၅၀ ကျော်မှာ ၀မ်းရောဂါ ဖြစ်ပွားလျက် ရှိနေကြောင်း၊ ဆေးဝါး အပါအ၀င် အနွေးထည်များနှင့် အခက်ကြုံနေရကြောင်း အဆိုပါ ဒုက္ခသည်က ပြောပါသည်။ နေ့စဉ်နေ့တိုင်း ကလေး (၅) ဦးခန့် ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်လာနေသဖြင့် ကလေးများ အသက်ဆုံးရှုံးရမည်ကို အလွန်စိုးရိမ်ရသည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။ 

ဓါးကြီးစား ကျေးရွာတွင် အိမ်ခြေ ၃၆၆ အိမ်ရှိပြီး နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စစ်သားများက အိမ်ခြေ ၃၅၀ ကျော်ကို လောင်ချာများဖြင့် ပစ်ခတ်၍ မီးရှို့ဖျက်ဆီးခဲ့သည်။ ကျန်သည့် အိမ်များကို နိုဝင်ဘာလ (၂၂) ရက်နေ့တွင် အပြီးသတ် ထပ်မံ မီးရှို့ခဲ့သည်။ မီးရှို့မှုများကြောင့် ဒေသခံများ ထွက်ပြေးခဲ့ရပြီး၊ အမျိုးသမီးများ။ ကလေးများနှင့် အမျိုးသား အများအပြားကို နေအိမ်များတွင် ပိတ်လှောင်၍ မီးရှို့ သတ်ဖြတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အများအပြား သေဆုံးခဲ့ရကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားသူများကို ကောက်ရိုးများဖြင့် အုပ်၍ မီးရှို့ခဲ့ကြောင်း ဒုက္ခသည်တစ်ဦးက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus