နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘဂုံးကျေးရွာ အုပ်စုတွင် လေးရက် ဆက်တိုက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ရိုက်နှက်မှုများ ပြုလုပ်

RB News

10.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာအုပ်စုတွင် နိုဝင်ဘာလ (၇) ရက်နေ့မှစ၍ ယနေ့ထိ နေ့စဉ် ရက်ဆက် စစ်သားများနှင့် နယ်ခြားစောင့်ရဲများက စစ်ဆေးမှု ခေါင်းစဉ်အောက်တွင် လုယက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

နိုဝင်ဘာလ (၇) ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် အင်အား ၁၅၀ ခန့်ရှိသည် စစ်သားများသည် စစ်ကား ၅ စီးဖြင့် ဘဂုံးနား (တပ်ဦးချောင်း) ဈေးသို့ ရောက်ရှိလာပြီး၊ ဈေးအနီးရှိ ကျောင်းတွင် စခန်းချခဲ့သည်။ ထို့နောက် ရွာအတွင်းမှ ဒေသခံ ရိုဟင်ဂျာများ၏ ဆိတ်များကို လုယက် ဖမ်းဆီး၍ ချက်ပြုတ်စားသောက်ခဲ့သည်။ ထို့နောက် ဈေးရွာအတွင်းရှိ အိမ်အချို့သို့ ၀င်ရောက်၍ အဖိုးတန်ပစ္စည်းများ၊ အ၀တ်အစားများ လုယက်ယူဆောင်သွားပြီး၊ အိမ်အသုံးအဆောင် ပစ္စည်းများ တစ်ခုမကျန် ဖျက်ဆီးခဲ့သည်။ 

နိုဝင်ဘာလ (၈) ရက်နေ့ နံနက် ၆ နာရီခန့်တွင် အရှေ့ရွာနှင့် တောင်ရွာတို့ကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀ိုင်းလိုက်သောကြောင့် အမျိုးသားများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ အရှေ့ရွာမှ အမျိုးသမီးများ အားလုံးကို နေအိမ်များမှ အပြင်ထုတ်၍ တစ်နေရာတွင် စုထားခဲ့သည်။ နေအိမ်များမှ အမျိုးသမီးများကို အတင်းအပြင်သို့ထုတ်ခြင်းကြောင့် ဦးနူမာမတ်၏ အသက် ၅၅ နှစ် အရွယ် ဇနီးမှာ ရောဂါအခံဖြင့် သတိလစ်သွားခဲ့ရာ၊ ယခုအချိန် သတိလစ် မေ့မျောနေကြောင်း သိရှိရသည်။

အမျိုးသမီးများကို တစ်နေရာတွင် စုထားပြီး ဗီဒီယိုရိုက် မှတ်တမ်းတင်နေစဉ်၊ စစ်သားများနှင့် နယ်ခြားစောင့်ရဲ အချို့သည် နေအိမ်များအတွင်းသို့ ၀င်ရောက် လုယက်ပြီးနောက် ၎င်းတို့ မသယ်နိုင်သည့် အသုံးအဆောင်၊ အိုးခွက်ပန်းကန်များကို ဖျက်ဆီးခဲ့သည်။ 

ထို့နောက် စစ်သားများက လော်စပီကာဖြင့် “မင်းတို့ ယောက်ျားသားတွေ ဘယ်ရောက်နေတာလဲ၊ မင်းတို့ အိမ်မှာ လာနေကြ၊ ငါတို့ လာစစ်ဆေးရင် စစ်ဆေးခံရမယ်၊ ဖမ်းဆီးမှာ မဟုတ်ဘူး၊ စစ်ဆေးမခံရင် နေ့တိုင်း ဒီလိုခံရမယ်၊ မင်းတို့ရွာက လူ ၄ ယောက် ဖမ်းမယ်၊ သူတို့ကို ဖမ်းနိုင်ရင် အေးချမ်းသွားမယ်” ဟု အော်၍ အမျိုးသားများ ပြန်လာရန် ခေါ်ခဲ့သည်။ 

နိုဝင်ဘာလ (၉) ရက်နေ့တွင်လည်း အနောက်ရွာ၊ နူရူလ္လာရွာနှင့် ဖွဲရာရွာတို့တွင်လည်း အလားတူ ပြုလုပ်ခဲ့သည်။ 

“မနက်ပိုင်း ၁၀ နာရီလောက်မှာ အမျိုးသမီးတွေ အားလုံးကို အိမ်တွေကနေ ခေါ်ထုတ်သွားတယ်။ နေပူထဲမှာ ထိုင်ခိုင်းထားတယ်။ ၁၂ နာရီလောက်မှာ ပြန်လွှတ်လိုက်တယ်။ ပြီးတော့ နေ့လည် ၂ နာရီမှာ အမျိုးသား ၁၅၀ ကျော်ကို ခေါ်သွားတယ်။ ထိုင်ခိုင်းထားတယ်။ ၆ နာရီကျော်မှာ ပြန်လွှတ်လိုက်တယ်။” ဟု နူရူလ္လာရွာမှ နိုဝင်ဘာလ (၉) ရက်နေ့ ဖြစ်စဉ်ကို ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“လူတွေကို ခေါ်ထိုင်ခိုင်းထားတဲ့ အချိန်မှာ စစ်သားတွေနဲ့ နယ်ခြားစောင့်ရဲ တွေက အိမ်တွေထဲကို ၀င်ပြီး စိတ်တိုင်းကျ လုတယ်၊ သူတို့ မလိုချင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးတယ်။ အစားအသောက်တွေကို ဖျက်ဆီးပစ်တယ်။ သက်ကြီးရွယ်အို အမျိုးသား အချို့ကို ရိုက်နှက်ခဲ့တာတွေ ရှိတယ်။” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ နေ့လည်ပိုင်းတွင် ဘဂုံးနား ကျေးရွာအုပ်စုတွင် အိမ်ထောင်စု စာရင်း စစ်ဆေးခြင်း၊ ဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ အလားတူ မြို့သူကြီး ကျေးရွာအုပ်စုတွင်လည်း ပြုလုပ်ခဲ့သည်။ 

မောင်တောမြို့နယ်တွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် နေအိမ်များမှ ခြံစည်းရိုးများကို ဖြုတ်ခိုင်းခဲ့ရာ ယခုအခါ မြို့ပေါ် ရပ်ကွက်များမှ ခြံစည်းရိုးများလည်း ဖြုတ်ပေးလိုက်ရကြောင်း ဒေသခံများက ပြောပါသည်။ 

MYARF မှ အချက်အလက် အချို့ပေးပို့သည်။


Comment ရေးရန်

Rohingya Exodus