နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင် အလယ်ရွာမှ ရိုဟင်ဂျာများ၏ အိမ်များကို န.တ.လ ရွာသားများက ဖျက်ဆီး၍ သယ်ဆောင်သွားနေ

RB News
9.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အလယ်ရွာရှိ ရိုဟင်ဂျာများ၏ နေအိမ်များကို န.တ.လ ရွာသားများက ဖျက်ဆီး၍ အိမ်တိုင်မကျန် သယ်ဆောင် သွားနေကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများကို အောက်တိုဘာလ (၂၃) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်အမိန့်ဟု ဆိုကာ နေအိမ်များမှ မောင်းထုတ်ပြီးနောက် ယခုအခါ ရိုဟင်ဂျာများ၏ နေအိမ်များကို န.တ.လ ရွာသားများက ဖျက်ဆီး၍ အိမ်တိုင်များပါ မကျန် သယ်ဆောင် သွားနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။

“ကျွန်တော်တို့ ရွာကနေ ထွက်လာရပြီးကတည်းက တစ်နေ့တစ်မျိုး မရိုးရလေအောင် သယ်နေကြတာ။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အိမ်တွေကို ဖြိုတယ်၊ သစ်တွေ၊ ထရံတွေ၊ အိမ်တိုင်တွေပါ မကျန် န.တ.လ ရွာသားတွေက အောင်ဇေယျရွာကို သယ်နေတယ်။ လုံခြုံရေးတွေကလည်း ဘာမှ မပြောဘူး။ သူတို့ သယ်နေတာကို လယ်ကွင်းပြင်ရဲ့ တစ်ဖက်ကနေ မြင်နေရတယ်၊ ကျွန်တော်တို့ အိမ်တွေမှာ ကျန်တဲ့ ပစ္စည်းတစ်ခုခု သွားယူဖို့ ကြိုးစားရင် လုံခြုံရေး တာဝန်ယူထားတဲ့ နယ်ခြားစောင့်ရဲတွေက သေနတ်နဲ့ ပစ်သတ်ဖို့ လုပ်တယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ကျီးကန်းပြင်အလယ်ရွာမှ ဒေသခံရိုဟင်ဂျာများကို နေအိမ်မှ မောင်းထုတ်ပြီးနောက် နိုင်ငံတကာ သတင်းမီဒီယာများတွင် အဆိုပါသတင်း ပြန့်သွားခဲ့ပြီးနောက် ရဲမှူးချုပ်သူရစန်းလွင်က ၎င်းအနေဖြင့် မပြောဆိုခဲ့ကြောင်း ငြင်းဆိုခဲ့သည်။ သို့သော်လည်း နေအိမ်စွန့်ခွာခဲ့ရသူများကို ယခုအချိန်ထိ ပြန်လာခွင့် မပေးသည့် အပြင် နေအိမ်များမှ ပစ္စည်းများတစ်ခုမကျန် န.တ.လ ရွာသားများက သယ်ယူနေသည်ကို လုံခြုံရေး တာဝန်ယူထားသည့် နယ်ခြားစောင့်ရဲများက လက်ပိုက်ကြည့်နေသည်ဟု ဒေသခံများက ဆိုသည်။

နယ်ခြားစောင့်ရဲများအား ရဲမှူးချုပ်သူရစန်းလွင်က န.တ.လ ရွာသားများကို အလယ်ရွာအတွင်းသို့ ၀င်ရောက်၍ ပစ္စည်းများ မခိုးစေရန် မှာကြားထားကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အခုကြားတာက ကွပ်ကဲရေးမှူးက သူ့လက်အောက်ငယ်သားတွေကို န.တ.လ ရွာသားတွေကို ကျွန်တော်တို့ ရွာထဲ ၀င်ခိုးခွင့် မပေးဖို့ မှာထားတယ်လို့ ကြားတယ်။ ဒါပေမယ့် လက်အောက်ငယ်သားတွေက ကွပ်ကဲရေးမှူး စကား နားထောင်ပုံမရဘူး။ အဲဒါကြောင့် န.တ.လ ရွာသားတွေကို လွှတ်ပေးထားတယ်။ အခု အိမ်တိုင်တောင် မကျန်တော့ဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့ညနေပိုင်းမှာ ကုန်တင်ကားကြီး တစ်စီး အလယ်ရွာထိပ်ကို ရောက်လာတယ်။ အဲဒီကားက နယ်ခြားစောင့်ရဲတွေရဲ့ ကားဖြစ်မယ်။ န.တ.လ ရွာသားတွေကို ပစ္စည်းကူသယ်ပေးဖို့ ရောက်လာတယ်လို့ ထင်တယ်။” ဟု အဆိုပါ ဒေသခံက ပြောသည်။

“ရဲမှူးချုပ်သူရစန်းလွင် အနေနဲ့ လက်အောက်ငယ်သားတွေက တကယ်တမ်း အမိန့် နာခံသလား မနာခံဘူးလား ဆိုတာ ကွင်းဆင်း လေ့လာသင့်တယ်။ မီဒီယာတွေ လာမေးရင် ဘူးခံတာနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူး။ ရွာကို လုံခြုံရေး တာဝန်ချထားတာမှာ တစ်ပွင့်သမားက ရာထူးအကြီးဆုံးပါ။ နည်းနည်းပါးပါး ခွဲတမ်းရရင် အကုန်လွှတ်ပေးတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြောတာ ဟုတ် မဟုတ် ဆိုတာ ရွာထဲကို သေချာ ကွင်းဆင်း လေ့လာဖို့ လိုတယ်။ ဟိုရက်တွေက န.တ.လ ရွာသားတွေ ခိုးနေတာတွေကို ဖမ်းပြီး ဓါတ်ပုံရိုက် မှတ်တမ်းတင်ထားတာပါ ကျွန်တော်တို့ ပြန်ကြားရတယ်။ အဲဒါ ရဲမှူးချုပ် ကိုယ်တိုင် မှတ်တမ်း လုပ်ခိုင်းခဲ့တာ။ အဲဒီတော့ ကိုယ့်လက်အောက်ငယ်သားတွေ စကားယုံပြီး ပစ်ထားတာမျိုး မလုပ်ဘဲ ကွင်းဆင်းကြည့်ပါလို့ တိုက်တွန်းချင်တယ်။” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ယနေ့ နိုဝင်ဘာလ (၉) ရက်နေ့ နေ့လည် ၃ နာရီမှ ၆ နာရီထိ ကျီးကန်းပြင် အလယ်ရွာမှ အိမ်များ ဖြိုဖျက်ပြီး ရရှိထားသည့် သစ်၊ အိမ်တိုင်နှင့် ထရံများကို သယ်ယူသွားကြောင်း ဒေသခံများက ပြောပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် ၀ါးပိတ်ရွာအတွင်းသို့ နယ်ခြားစောင့်ရဲများ ၀င်ရောက် ပစ်ခတ်မှုကြောင့် တစ်ရွာလုံး ထွက်ပြေး သွားခဲ့ရပြီး၊ ယင်းနေ့မှစ၍ ရွာအတွင်းမှ အိမ်များကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။ ဒေသခံ ရိုဟင်ဂျာများ၏ ကျွဲ၊ နွား၊ တိရိစ္ဆာန်၊ နေအိမ် အတွင်းရှိ အ၀တ်အစားများပါ မကျန် န.တ.လ ရွာသားများက အကြိမ်ကြိမ် ၀င်ရောက်၍ ခိုးယူသွားခဲ့သည်။

ဒေသခံများက ၎င်းတို့ အနေဖြင့် ရွာမှ နှင်ထုတ်ခံရခြင်းသည် အလွန်ပင် မတရားပြုလုပ်ခံရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အနေဖြင့် မိမိတို့၏ နေအိမ်များတွင် အေးချမ်းစွာ နေထိုင်လိုကြောင်း၊ ရဲမှူးချုပ်သူရစန်းလွင်နှင့် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတို့မှ နေအိမ်များမှ နှင်ထုတ်ခြင်း မရှိဟု လိမ်ညာ ပြောဆိုနေသော်လည်း ဒေသခံများမှာ အမှန်တကယ်ပင် နှင်ထုတ်ခံထားရကြောင်း၊ အစိုးရအနေဖြင့် ဒေသခံများကို ယခု လက်ရှိ ကျန်နေသည့် အနေအထားတွင် ပြန်လည် နေထိုင်ခွင့် ပြုရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

ဝါးပိတ်မှ ရိုဟင်ဂျာများ၏ ကျွဲ၊ နွားများကို န.တ.လ ရွာသားများ ခိုးယူ သွားနေသည်ကို အဝေးမှ ရိုက်ကူးထားသည့် ဗီဒီယိုမှ ပုံ

Comment ရေးရန်

Rohingya Exodus