နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော် ကညင်တန်းမှ စိတ်ဝေဒနာရှင် တစ်ဦးကို စစ်သားများက သေနတ်ဖြင့် အချက် ၂၀ ပစ်၍ သတ်ဖြတ်

RB News
22.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော် ကညင်တန်း ကျေးရွာအုပ်စုမှ စိတ်ဝေဒနာရှင် တစ်ဦးကို စစ်သားများက သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီ အချိန်တွင် အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု၊ နှာခေါင်းတိုရွာမှ စိတ်ဝေဒနာရှင် တစ်ဦးဖြစ်သူ ဦးဟာရှိမ်အုလ္လာ (ဘ) ဦးရော်ရှိတ် (အသက် ၃၅ နှစ်) သည် ဆေးလိပ်သောက်၍ လမ်းလျှောက်နေစဉ် စစ်သားများက တွေ့ရှိသွားပြီး သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

“ဒီလူ စိတ်ဝေဒနာရှင် ဆိုတာ လူတိုင်းသိတယ်။ ညက သေနတ်ပစ်သံ အချက် ၂၀ ကျော် ကြားတယ်။ သူ့ကို ပစ်သတ်တာပါ။ အလောင်းကို အခုထိ ပြန်မပေးဘူး။ ပြီးတော့ သူ့အလောင်းနားမှာ ဓါးတစ်လတ် ထားတာလည်း တွေ့လိုက်တယ်။ ဒေသခံတွေ အားလုံးက သူက စိတ်ဝေဒနာရှင် ဖြစ်တယ်ဆိုပြီး သက်သေခံပြောပြီးတော့ အလောင်းပြန်အပ်ဖို့ တောင်းဆိုနေတယ်။ လောလောဆယ်တော့ ဗျူဟာမှူး ရောက်လာမယ် ကြားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက “ မောင်တောမြို့နယ် နယ်မြေ (၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုး အနီးသို့ ည ၁၂ နာရီ မိနစ် ၅၀ တွင် မသင်္ကာဖွယ် လူအုပ်စု တစ်စု ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူတစ်ဦးအား တွေ့ရှိရသည်။” ဟု ရေးသား ထုတ်ပြန်ခဲ့သည်။

“အမှန်တော့ အလယ်သံကျော်ကညင်တန်း ကျေးရွာအုပ်စု က အမှတ် (၄) နယ်ခြားစောင့် ဒေသ တပ်ရင်း နယ်မြေ (၇) ထဲမှာပါ။ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီရဲ့ သတင်းထဲမှာလို နယ်မြေ (၈) ထဲမှာ မဟုတ်ဘူး။ ပြီးတော့ သတင်းဓါတ်ပုံမှာလည်း ဘူးသီးတောင်မြို့နယ် နှာခေါင်းတိုလို့ ရေးထားတယ်။ အဓိက လိမ်ချင်ဇောနဲ့ အလွဲတွေ ဖြစ်နေတာပါ” ဟု မောင်တောမြို့မှ လူ့အခွင့်အရေး အခြေအနေ စောင့်ကြည့်နေသူ တစ်ဦးက RB News သို့ပြောပါသည်။

“အသတ်ခံရတဲ့ စိတ်ဝေဒနာရှင်ကလည်း ရွာထဲမှာ အပြင်ထွက် ဆေးလိပ်သောက်တာ ဖြစ်နိုင်ပါတယ်။ အဲဒါကို စစ်သားတွေက ပစ်သတ်ပြီး စခန်းနားကို ပို့ထားတာလို့ ယူဆရပါတယ်။ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ရေးထားသလို နှာခေါင်းတို စခန်းကို လူအုပ်စုတစ်စု ချဉ်းကပ်တယ် ဆိုတာလည်း လုံးဝ မမှန်ကန်တဲ့ သတင်းပါ။ ညအချိန် လူတွေ ဖြတ်သန်းသွားလာရင် ကျွန်တော်တို့ လူတွေ အပြင်ထွက် မရရင်တော့ အိမ်ထဲကနေ လေ့လာလို့ရတယ်။ ကျွန်တော်တို့ အဲဒီက ဒေသခံတွေ အားလုံးနဲ့ မေးမြန်းကြည့်ပြီးပြီ။ အဓိက စိတ်ဝေဒနာရှင်ကို ပစ်သတ်လိုက်တဲ့ သတင်းကို ဖုံးဖို့ အတွက် လုပ်ကြံသတင်း တစ်ခု ထုတ်လိုက်တာပါ။ နယ်မြေ (၈) ဆိုရင်လည်း နယ်မြေ (၈) ရုံးမှာ ခြံစည်းရိုး မရှိဘူး။ အဲဒီတော့ လိမ်ရင်လည်း ဒေသခံတွေ လက်ခံနိုင်လောက်အောင် လိမ်မှ တော်ကာကျလိမ့်မယ်။” ဟု ၎င်းက ဆက်လက် ပြောပါသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ ဖော်ပြထားသည့် ဓါတ်ပုံ၊


Comment ရေးရန်

Rohingya Exodus