နောက်ဆုံးသတင်း/ဆောင်းပါးများ

နတ်မြစ်၌ အလောင်း (၄) လောင်း ပေါ်နေသော်လည်း လုံခြုံရေးကို ကြောက်ရွံ၍ အလောင်းများ မဆယ်နိုင်ကြ

RB News
9.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း အနီး နတ်မြစ်တွင် အလောင်း (၄) လောင်း ပေါ်နေသော်လည်း လုံခြုံရေးကို ကြောက်ရွံ၍ ဒေသခံများက အလောင်းများ မဆယ်နိုင်ကြောင်း သတင်းရရှိပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့ ည (၈) နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်းကျေးရွာမှ တဆင့် တဖက်နိုင်ငံသို့ ခိုးထွက်ရန် ကြိုးစားသည့် ဒေသခံ (၅) ဦးကို နယ်ခြားစောင့်ရဲများက ပစ်ခတ်မှုကြောင့် မိသားစု (၅) ဦးလုံး သေဆုံးသွားခဲ့ပြီး၊ အလောင်း (၄) လောင်းမှာ နတ်မြစ်၌ ပေါ်နေသော်လည်း နယ်ခြားစောင့်ရဲများ ပစ်ခတ်မည်ကို စိုးရိမ်၍ အလောင်းများ မဆယ်နိုင်ကြကြောင်း ဒေသခံများက ပြောပါသည်။

“(၈) ရက်နေ့ ည (၈) လောက်မှာ (၅) ယောက်၊ အမျိုးသား (၃) ယောက်၊ အမျိုးသမီး (၂) ယောက်ပါ၊ သူတို့က တစ်ဖက်နိုင်ငံကို ခိုးထွက်နေတဲ့ အချိန်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲအုပ်မျိုးဇော်ဝင်းနဲ့ အဖွဲ့က ပစ်သတ်လိုက်တာ။ အမျိုးသား (၂) ဦးနဲ့ အမျိုးသမီး (၂) ဦးရဲ့ အလောင်းတွေက မြစ်ထဲမှာ မျှောနေတယ်။ ပစ်ခံရမှာစိုးလို့ ဘယ်သူမှ မဆယ်ရဲကြဘူး။ နောက်အမျိုးသား တစ်ယောက်ရဲ့ အလောင်း - နာမည်က အီလီယာစ်၊ အဖေနာမည် ဦးမိုဟာမတ်ဟာစန်၊ လူငယ်ပါ၊ သူ့ရဲ့ အလောင်းက ကမ်းနားကပ်လာတော့ ရဲအုပ်မျိုးဇော်ဝင်းနဲ့ အဖွဲ့က ဆွဲပြီး အပေါ်တင်လိုက်တယ်။ ပြီးတော့ မောင်တော ဆေးရုံကို ပို့လိုက်တယ်။” ဟု ဒေသခံ တစ်ဦးက RB News သို့ ပြောသည်။

ထို့အပြင် ယင်းနေ့ ညပိုင်းတွင် ငါးခူရကျေးရွာမှ ဦးကော်ဘိရ်အာမတ် (ဘ) ဦးအာနီဆူရ် မုစ်တာဖာ၏ မိသားစုကိုလည်း တစ်ဖက်နိုင်ငံသို့ ခိုးထွက်ရန် ကြိုးစားနေစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ဦးကော်ဘိရ်အာမတ်ရဲ့ မိသားစုကို ဇီးပင်ချောင်းမှာဘဲ ဖမ်းလိုက်တာပါ။ သူ့ရဲ့ အမျိုးသမီး၊ ကလေး (၃) ယောက်ပါတယ်။ ကလေး အကြီးနှစ်ယောက်က (၅) နှစ် အထက် အရွယ်တွေပါ။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက်၊ အဲဒီ ကလေးနှစ်ယောက်ကို ဇီးပင်ချောင်း အလယ်ရွာက ဆယ်အိမ်မှူး ဦးအဒူဆလာမ် လက်ကို အပ်လိုက်တယ်။ နောက် ဦးကော်ဘိရ်အာမတ်တို့ လင်မယားနဲ့ နို့စို့ ကလေးကို နယ်ခြားစောင့်ရဲတွေ ဖမ်းသွားတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ရွာများသို့ စစ်သားများနှင့် နယ်ခြားစောင့်ရဲများ ၀င်ရောက်၍ နေအိမ်များ မီးရှို့ခြင်း၊ အပြစ်မဲ့ ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းများ ဆက်တိုက် ကျူးလွန်လျက် ရှိရာ ဒေသခံ ရိုဟင်ဂျာများသည် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရေး အတွက် တောတောင်များထဲသို့ ၀င်ရောက် ပုန်းအောင်းနေခြင်း၊ ရရာနည်းလမ်းဖြင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခြင်းများ ပြုလုပ်လျက် ရှိသည်။


Comment ရေးရန်

Rohingya Exodus