နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်သားများက ကလေးများကိုပါ မီးထဲပစ်ထည့်၍ သတ်ဖြတ်လျက်ရှိဟု ကျားခေါင်းတောင်မှ အမျိုးသမီးများပြော

RB News
13.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာမှ ကလေးငယ်များကို စစ်သားများက မီးထဲသို့ ပစ်ထည့်၍ သတ်ဖြတ်နေသည်ဟု ဒေသခံရိုဟင်ဂျာ အမျိုးသမီးများက ပြောပါသည်။

ယနေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် စစ်သားများနှင့် နယ်ခြားစောင့်ရဲများသည် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာသို့ ရောက်ရှိလာပြီး၊ ဒေသခံ ရိုဟင်ဂျာရွာသားများကို နေအိမ်များမှ နှင်ထုတ်ပြီး နေအိမ်များကို မီးရှို့လျက် ရှိသည်။ ထို့အပြင် မီးလောင်နေသည့် အိမ်များအတွင်းသို့ ကလေးငယ်များကို ပစ်ထည့်၍ သတ်ဖြတ်နေသည်ဟု ရွာမှ ထွက်ပြေးလာရသည့် အမျိုးသမီးများက ပြောပါသည်။

“ကျွန်မတို့မှာ ရှိသမျှကို စစ်သားတွေက အကုန်လုယူလိုက်တယ်။ ပြီးတော့ အိမ်ကို မီးရှို့လိုက်ကြတယ်။ ကျွန်မတို့ရဲ့ ကလေးငယ်တွေကိုပါ မီးပုံထဲ ပစ်ထည့်လိုက်ပြီး သတ်လိုက်ကြတယ်။” ဟု အမျိုးသမီးတစ်ဦးက ငိုယိုပြီး ပြောသည်။

“ကျွန်တော့်ကို ရိုက်ကြတယ်။ ကျွန်တော့် အိတ်ထဲက ပိုက်ဆံတွေ လုတယ်။ ပြီးတော့ အိမ်ကနေ နှင်ထုတ်လိုက်ပြီး ကျွန်တော့်အိမ်ကို ကျွန်တော့်ရှေ့မှာဘဲ မီးရှို့လိုက်ကြတယ်။” ဟု ကျားခေါင်းတောင် ကျေးရွာမှ အသက် (၆၀) နှစ်ကျော် အရွယ် အဖိုးအို တစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းမှ စ၍ ကျားခေါင်းတောင် ကျေးရွာမှ ဒေသခံများသည် နီးစပ်ရာ ရွာများသို့ ထွက်ပြေး ခိုလှုံနေရပြီး၊ ကလေးငယ်များ မီးရှို့ သတ်ဖြတ်ခံရသည်နှင့် ပတ်သက်၍ RB News မှ အသေးစိတ် လေ့လာ စုံစမ်းလျက် ရှိသည်။

ယမန်နေ့ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မျောတောင်၊ ရေခဲချောင်းခွဆုံ၊ ပွင့်ဖြူချောင်းနှင့် ဒါးကြီးစား ရွာများမှ အနည်းဆုံး တစ်ဒါဇင်ကျော် အပြစ်မဲ့ ဒေသခံ ပြည်သူများကို စစ်သားများက အနီးကပ် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ရဟတ်ယာဉ်များဖြင့် ဝေဟင်မှ ပစ်ခတ်ခြင်း၊ လောင်ချာများ သုံး၍ ပစ်ခတ်ခြင်းကြောင့် အနည်းဆုံး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။


Comment ရေးရန်

Rohingya Exodus