နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တပ်မှ လက်နက်ကြီး၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ရိုဟင်ဂျာပြည်သူ အနည်းဆုံး ၁၂ ဦး သေဆုံး၊ ၅၀ နီးပါး ဒဏ်ရာရ

MYARF
RB News
12.11.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊  မြောတောင်၊ ပွင့်ဖြူချောင်း၊ ရေခဲချောင်းခွဆုံနှင့် ဒါးကြီးစား ကျေးရွာများကို စစ်တပ်က မြေပြင်မှ ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်း တို့ကြောင့် ဒေသခံ ရိုဟင်ဂျာ ပြည်သူ အများအပြား သေကြေ ဒဏ်ရာ ရရှိခဲ့ပြီး၊ ရွာများမှ နေအိမ် အများအပြား ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက် ၆ နာရီခွဲခန့် အချိန်တွင် စစ်သားများက မြောတောင် ကျေးရွာကို ၀ိုင်းထားခဲ့ပြီး ရွာထဲသို့ လက်နက်ကြီး လောင်ချာများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ရွာအတွင်းရှိ ဒေသခံ ရိုဟင်ဂျာ ပြည်သူ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် အပြစ်မဲ့ ရွာသူရွာသားများစွာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ စစ်တပ်က လောင်ချာများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် နေအိမ်ပေါင်းများစွာ မီးလောင်ကျွမ်း၍ ပျက်စီးသွားခဲ့သည်။ ရွာသူရွာသားများက ဘေးကင်းရာကို သွားနေရန်ဟု ဆိုကာ ရေခဲချောင်းခွဆုံ ရွာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရာ စစ်သားများက နောက်မှ လိုက်လံ၍ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ရွာသားများ အိုးအိမ်စွန့်ခွာ၍ ထွက်သွားသည်နှင့် စစ်သားများက ရွာထဲတွင် မီးမလောင်ဘဲ ကျန်နေသည့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

နံနက် ၁၀ နာရီခန့် အချိန်တွင် ပွင့်ဖြူချောင်း (ဇာမိုင်နာ) ကျေးရွာကို စစ်တပ်က ၀ိုင်းပြီး၊ အလားတူ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အပါအ၀င် ရွာသူရွာသား အများအပြား ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်အချို့ မီးလောင် ပျက်စီးသွားခဲ့ပြီး၊ ရွာသူရွာသားများ ရေခဲချောင်းခွဆုံနှင့် ဒါးကြီးစား ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်သွားသည့် အခါ စစ်သားများက ကျန်သည့် နေအိမ်များကို စိတ်တိုင်းကျ မီးတင်ရှို့ခဲ့သည်။ 

နေ့လည် ၂ နာရီခွဲအချိန်တွင် ရေခဲချောင်းခွဆုံနှင့် ဒါးကြီးစား ကျေးရွာများထဲသို့ စစ်သားများ ၀င်ရောက်လာပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ရွာသူရွာသားများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်သားများက နေအိမ်များ၊ ဗလီများ၊ အာရဗီ ဘာသာရေး စာသင်ကျောင်းများကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

စစ်သားများက နံနက်ပိုင်းမှ စ၍ အဆက်မပြတ် လက်နက်ကြီးများဖြင့် လက်နက်မဲ့ ပြည်သူများကို တိုက်ခိုက် ပစ်ခတ်နေခြင်းကို မခံနိုင်တော့သည့် ရွာသားအချို့သည် ထွက်ပေါက်ရရန်ဟု ဆိုကာ ရရာ တုတ်၊ လေးဂွများ ကိုင်ဆောင်၍ ခုခံကာကွယ်ရာ စစ်သားများ၏ အနီးကပ် ပစ်ခတ်မှုကြောင့် အနည်းဆုံး ရွာသား ၁၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။ 

ရေခဲချောင်းခွဆုံနှင့် ဒါးကြီးစား ရွာရှိ အပြစ်မဲ့ ပြည်သူများသည် အဆိုပါ ကျေးရွာများမှ သူဦးလာ ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေစဉ် မြန်မာ့လေတပ်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက် ပစ်ခတ်ခဲ့သောကြောင့် အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေသူ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြန်သည်။

စစ်တပ်က အပြစ်မဲ့ပြည်သူများကို အဆက်မပြတ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ လေးခုမှ အပြစ်မဲ့ ပြည်သူ အနည်းဆုံး ၅၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများ ထဲတွင် ဒဏ်ရာပြင်းထန်သူများလည်း ရှိပြီး ဒဏ်ရာပြင်းထန်သူများထဲမှ နှစ်ဦး သေဆုံးသွားခဲ့သည်။ 

“ရွာကနေ အပြင်ထွက်ခွင့်၊ ဆေးကုသခွင့်တွေ မရှိတော့ သေဆုံးသူ အရေအတွက် များလာမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ညနေပိုင်းတွင် အိုးအိမ်စွန့်ခွာပြီး လယ်ကွင်းပြင်တွင် ခိုလှုံနေသူများထဲမှ အမျိုးသားပေါင်း များစွာကို စစ်သားများက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ 

တစ်နေကုန် အဆက်မပြတ် တိုက်ခိုက်ခံနေရသည့် အပြစ်မဲ့ ပြည်သူများသည် တစ်ရွာမှ တစ်ရွာသို့ ပြေးနေရပြီး၊ ခိုလှုံရန် နေရာ မရှိဖြစ်နေသည့် အပြင် စားသောက်ရန် အစားအစာ မရှိဘဲ ငတ်မွတ်နေကြောင်း သိရှိရသည်။ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် အလွန်ကြောက်လန့် နေကြပြီး စစ်တပ်မှ ထပ်မံ၍ တိုက်ခိုက်လာမည်ကို အလွန် စိုးရိမ်ထိတ်လန့် နေကြသည်။ 

စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး အပြစ်မဲ့ပြည်သူ ၃၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသည်။ 


Comment ရေးရန်

Rohingya Exodus