နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်အေးလှိုင်က ကားများ ချောဆွဲပြီး ပိုင်ရှင်များထံသို့ ပြန်လည် မအပ်နှံ

Rohingya Eye
RB News
18.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်အေးလှိုင်သည် ဒေသခံ ရိုဟင်ဂျာများ၏ ကားများကို ယူဆောင်သွားပြီး အသုံးပြုပြီးနောက် ပြန်လည် အပ်နှံခြင်း မရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တောမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်အေးလှိုင်သည် အောက်တိုဘာလ (၉) ရက်နေ့တွင် ပြဿနာများ ဖြစ်ပွားပြီးနောက် မြို့မကညင်တန်း၊ ဆီသီးလ္လာရွာမှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအဒူဆလာမ် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဦးအဒူဆလာမ်၏ Pajero ကားကို ခဏတာ ချောဆွဲသည့် သဘောမျိုးဖြင့် ယူဆောင်လာခဲ့ပြီး ယနေ့ထိ ပြန်လည် အပ်နှံခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

အလားတူ မြို့မကညင်တန်း ကျေးရွာတွင် နေထိုင်သူ လိပ်ရကျေးရွာ ဇာတိ ဦးကာဆိမ်း (အသက် ၄၈ နှစ်) ၏ ဇိမ်ခံမှန်လုံကား ကိုလည်း ဒုရဲမှူးကျော်အေးလှိုင်က ယူဆောင်သွားပြီး ၎င်း၏ ကိုယ်ပိုင်ကား သဖွယ် စီးနင်းလျက် ရှိသည်။ အခြားသော ဇိမ်ခံမှန်လုံကားများကိုလည်း ဒုရဲမှူး ကျော်အေးလှိုင်က တောင်းခံလျက် ရှိသည်ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။ 

“အသွားအလာ ပိတ်ဆို့ထားတော့ ကျွန်တော်တို့ ကားတွေ လိုင်းဆွဲလို့ မရဘူး။ ကားထွက်လို့ ရတဲ့အခါကလည်း သူတို့တောင်းရင် အလကား ပေးရတယ်။ ကားပျက်ရင်လည်း သူတို့ ပြင်မပေးဘူး။ သူတို့ တောင်းတဲ့ အချိန်မှာ ကားတွေ ပေးနေရတယ်။ မပေးရင်လည်း ပြဿနာဖြစ်နေတာမှာ ပါဝင် ပတ်သက်နေတယ် ဆိုပြီး အမှုဆင် ဖမ်းမှာ သေချာတယ်” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက စိတ်ပျက်စွာဖြင့် ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ပြဿနာများ စတင်ပြီး နောက်ပိုင်းတွင် ရိုဟင်ဂျာများ၏ ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ချောဆွဲသွားပြီး ယခုအချိန်ထိ ပြန်လည် အပ်နှံခြင်းမရှိသည့် ကားများစွာ ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။



Comment ရေးရန်

Rohingya Exodus