နောက်ဆုံးသတင်း/ဆောင်းပါးများ

ကိုဖီအာနန်နဲ့ တွေ့ဆုံသူ အချို့ကို ဖမ်းဆီး၊ အမျိုးသမီးများနှင့် ကလေးများ အားလုံးနီးပါး ရိုက်နှက်ခံရ

RB News
3.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြက်ရိုးပြင် ကျေးရွာသို့ ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ တွေ့ဆုံခဲ့သူ အချို့ ဖမ်းဆီးခံရပြီး အမျိုးသမီးများနှင့် ကလေးများ အားလုံးနီးပါး ရိုက်နှက်ခံရကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ကြက်ရိုးပြင် ကျေးရွာသို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာမည် ဖြစ်၍ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးတို့မှ တာဝန်ရှိသူ အချို့ ရှေ့ပြေး ရောက်ရှိလာခဲ့ပြီး ရွာသူရွာသား အများစုကို ရွာမှ မောင်းထုတ်ခဲ့သည်။

ထို့နောက် ၁၁း၃၀ နာရီခန့်တွင် ကိုဖီအာနန်နှင့် အဖွဲ့ ရောက်ရှိလာခဲ့ပြီး၊ ရိုဟင်ဂျာ အမျိုးသား အချို့၊ အမျိုးသမီးများနှင့် ကလေး အချို့ တွေ့ဆုံ၍ စကားပြောခွင့် ရခဲ့သည်။ ကိုဖီအာနန် အဖွဲ့နှင့်အတူ လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများ ပါရှိခဲ့သော်လည်း ကိုဖီအာနန်အဖွဲ့နှင့် ရွာသားများ စကားပြောနေစဉ် စစ်သားများသည် ရွာထဲရှိ နေအိမ်အချို့နှင့် တောင်ပေါ်တွင် အဆင်သင့် စောင့်နေခဲ့သည်။

ကိုဖီအာနန်နှင့် အဖွဲ့ ကားပေါ်သို့ တက်၍ ထွက်ခွာသည်နှင့် စကားပြောခဲ့သည့် ရပ်မိရပ်ဖ သုံးဦး အပါအ၀င် အမျိုးသား အချို့ကို ဖမ်းဆီး၍ အမျိုးသမီးများနှင့် ကလေးများကို စစ်သားများ ရိုက်နှက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ရိုက်နှက်နေစဉ် ရွာသားတစ်ဦးက ယာဉ်တန်းနောက်သို့ ပြေးလိုက်ခဲ့ရာ ငန်းချောင်းကျေးရွာ အနီးတွင် ယာဉ်တန်းကို တား၍ ကော်မရှင် အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားခြင်း၊ ရိုက်နှက်နေခြင်း ကိစ္စ တင်ပြနိုင်ခဲ့ကြောင်း၊ ကော်မရှင် အဖွဲ့ဝင်ကလည်း အာဏာပိုင်များကို ဖုန်းဆက် အကြောင်းကြားပေးမည် ဖြစ်ကြောင်း၊ ပြေလည် သွားမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဖမ်းဆီးထားသူများကို နာရီအနည်းငယ် အကြာတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။

ဓါးကြီးစား၊ ရေခဲချောင်းခွဆုံ၊ မြောတောင်နှင့် ကျားခေါင်းတောင် စသည့် ကျေးရွာများတွင် နံနက်ပိုင်း၌ စစ်သားများက သေနတ်များ ပစ်ဖောက်၍ ရွာသားများ ရွာမှ ထွက်သွားရန် ခြိမ်းခြောက်ခဲ့သည်။


(Photo: Rakhine Commission Twitter)


Comment ရေးရန်

Rohingya Exodus