နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ ကျွန်းပေါက်ဆင်အိုးမှ ရိုဟင်ဂျာ အမျိုးသမီး (၃) ဦးကို စစ်သားများက မုဒိမ်းကျင့်

Rohingya Eye
RB News
28.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ ၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စုမှ ဆင်အိုးရွာမှ ဒေသခံ ရိုဟင်ဂျာအမျိုးသမီး (၃) ဦးကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၂၄) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် တောင်ပြိုလက်ဝဲမြို့ အပိုင် ကျွန်းပေါက်ဆင်အိုး ကျေးရွာအုပ်စု၊ ဆင်အိုးရွာသို့ စစ်သား (၃၀) ဦးခန့် ၀င်ရောက်လာပြီး လမ်းတွင် တွေ့ရှိသမျှ ကလေး၊ လူကြီးများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် လုယက်ခြင်း၊ မုဒိမ်းကျင့်ခြင်းများပါ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ရွာအတွင်းသို့ စစ်သားများ ၀င်ရောက်လာသည်နှင့် အမျိုးသားများသည် မတရားသဖြင့် ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ရွာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ အမျိုးသားများ တိမ်းရှောင်သွားသည့် အခါ စစ်သား (၇) ဦးသည် နေအိမ် (၃) လုံးထဲသို့ ၀င်ရောက်၍ အိမ်ထောင်သည် အမျိုးသမီး (၃) ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ အသက် (၂၁) နှစ်၊ အသက် (၂၂) နှစ်နှင့် အသက် (၃၀) နှစ် အရွယ်များ ဖြစ်ကြသည်။ 

ဦးအမီးရ်မိုဟာမတ် (အသက် ၃၅ နှစ်) နှင့် ဦးအဗ်ဒူမာဘုတ် (ဘ) ဦးဟိုက်ဒေါရ် (အသက် ၃၆ နှစ်) တို့ကို လူမဆန်စွာ ရိုက်နှက်ခဲ့မှုကြောင့် ဦးအဗ်ဒူမာဘုတ်၏ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ ဦးအဗ်ဒူမာဘုတ်၏ အိတ်ထဲတွင် ရှိသည့် ငွေကျပ် တစ်သောင်းကိုလည်း စစ်သားများက လုယက်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

(မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ အမည်များကို လုံခြုံရေးနှင့် ဂုဏ်သိက္ခာအရ ချန်လှပ်ထားသည်။)


Comment ရေးရန်

Rohingya Exodus