နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြောင်းပိုက်ရွာမှ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးနှစ်ဦးကို လွှဲပြောင်းမပေးပါက တစ်ရွာလုံးကို ညှဉ်းပန်းနှိပ်စက်မည်ဟု နယ်ခြားစောင့်ရဲများက ခြိမ်းခြောက်

RB News
23.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးစားကြူး ကျေးရွာအုပ်စု၊ ပြောင်းပိုက်ရွာမှ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးနှစ်ဦးသည် မီဒီယာများနှင့် တွေ့ဆုံ၍ စကားပြောပြီးနောက် နယ်ခြားစောင့်ရဲများက လိုက်လံရှာဖွေခဲ့ရာ မတွေ့ရှိသောကြောင့် နယ်ခြားစောင့်ရဲများက ရွာသားများကို ညှဉ်းပန်းနှိပ်စက်မည်ဟု ခြိမ်းခြောက်နေကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနမှ ရွေးချယ်၍ စေလွှတ်လိုက်သည့် သတင်းထောက်များသည် ငါးစားကြူး ကျေးရွာအုပ်စု၊ ပြောင်းပိုက်ရွာသို့ သွားရောက်ခဲ့သည်။ သတင်းထောက်များက ရွာသားများနှင့် တွေ့ဆုံစဉ် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးနှစ်ဦးနှင့်လည်း တွေ့ဆုံခဲ့သည်။ အမျိုးသမီးနှစ်ဦးက ၎င်းတို့ကို စစ်သားများက မုဒိမ်းကျင့်ခဲ့သည်များကို သေချာ ပြောပြခဲ့သည်။

သတင်းထောက်များ ထွက်ခွာသွားပြီးနောက် နယ်ခြားစောင့်ရဲများ ရွာထဲသို့ ၀င်ရောက်လာပြီး အမျိုးသမီးနှစ်ဦးကို လိုက်လံရှာဖွေခဲ့သည်။ ဒီဇင်ဘာလ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့များတွင် ဆက်တိုက် ရှာဖွေခဲ့ပြီး၊ အမျိုးသမီးများက ၎င်းတို့ကို ဖမ်းဆီး၍ သတ်ဖြတ်မည်ကို အလွန် စိုးရိမ်လျက် ရှိနေကြပြီး ရွာမှ တိမ်းရှောင် နေကြောင်း ဒေသခံများက RB News သို့ပြောသည်။

ယနေ့ ည (၆) နာရီခွဲအချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ပြောင်းပိုက် ကျေးရွာ အတွင်းသို့ တစ်ဖန် ရောက်ရှိလာပြီး၊ အမျိုးသမီးနှစ်ဦးကို လွှဲပြောင်းပေးရန်နှင့် အကယ်၍ လွှဲပြောင်း မပေးပါက တစ်ရွာလုံးကို ညှဉ်းပန်းနှိပ်စက်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းမှစ၍ ရိုဟင်ဂျာအမျိုးသမီး၊ မိန်းကလေးငယ် (၃၀၀) ခန့်ကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ပြီး၊ အစိုးရက ခါးသီးစွာ ငြင်းဆိုလျက် ရှိသည်။ နိုင်ငံတကာမှ စုံစမ်းရေး အဖွဲ့များ လာရောက် စစ်ဆေးရန် တောင်းဆိုလျက် ရှိသော်လည်း လုံးဝ ခွင့်ပြုခြင်း မရှိသည့် အပြင် သတင်းထောက်များ စေလွှတ်ရာတွင်လည်း အစိုးရဘက်မှ လိုက်ပြောမည့် သတင်းထောက် အများစုကိုသာ ရွေးချယ်၍ စေလွှတ်ခဲ့သည်။

နိုင်ငံတော်အစိုးရက ရိုဟင်ဂျာများကို မည်သည့် အခါကမှ ဥပဒေဖြင့် ကာကွယ်ပေးခြင်း မရှိခဲ့သောကြောင့် နိုင်ငံပိုင် သတင်းများမှ ပြောဆိုနေသည်များကို ရိုဟင်ဂျာများက လုံးဝ ယုံကြည်မှု မရှိဟု ပြောဆိုနေကြသည်။


Comment ရေးရန်

Rohingya Exodus