နောက်ဆုံးသတင်း/ဆောင်းပါးများ

မြောတောင် ကျေးရွာမှ ဒေသခံများ စစ်သားများ၏ လုယက်၊ မုဒိမ်းကျင့်မှု နေ့စဉ် ကြုံတွေ့နေရ၊ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးငယ် တစ်ဦး သေဆုံး

MYARF
RB News
6.12.206

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အတွင်းရှိ ဆိုင်ခန်း ၃၀၀ ကျော်မှာ ပစ္စည်းများကို စစ်တပ်က လုယက်ခြင်း ပြုလုပ်ခဲ့ပြီး အမျိုးသမီး အချို့ကို အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မြောတောင် ကျေးရွာ အတွင်းရှိ ဆိုင်ခန်း ၃၀၀ ကျော်မှ ပစ္စည်းများကို ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့တွင် စစ်သားများက လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

မြောတောင် ကျေးရွာကို လွန်ခဲ့တဲ့ နိုဝင်ဘာလ (၁၂) ရက်နေ့မှစ၍ စစ်သားများက အကြမ်းဖက်ခဲ့ပြီး၊ နေအိမ်များ မီးရှို့ခြင်း၊ အပြစ်မဲ့ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ စစ်သား ၅၀၀ ခန့်သည် မြောတောင် ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီးများကို နေအိမ်များမှ ထွက်ခိုင်း၍ မဖွယ်မရာ ပြုလုပ်၍ စစ်ဆေးခြင်း၊ ရိုက်နှက်ခြင်း ရွှေ၊ ငွေများ လုယက်ခြင်း၊ ဆိုင်ကယ်၊ ပရိဘောဂများ လုယက်ခြင်းများ ဆက်တိုက် ပြုလုပ်လာခဲ့သည်။

ဒီဇင်ဘာလ (၂) ရက်နေ့နှင့် (၃) ရက်နေ့များတွင်လည်း စစ်သားများက လုယက်ထားသည့် ပစ္စည်းများကို ဖားဝပ်ချောင်း န.တ.လ ကျေးရွာမှ စက်လှေများ ခေါ်ယူလာပြီး ဖားဝပ်ချောင်း ကျေးရွာသို့ သယ်ယူသွားခဲ့သည်။ ကျွဲ၊ နွား၊ ဆိတ်များကို န.တ.လ ရွာသားများက ယူဆောင် သွားခဲ့သည်။

ဒီဇင်ဘာလ (၄) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် စစ်သားများက မြောတောင် မြောက်ရွာမှ အမျိုးသမီးများနှင့် ကလေးငယ် ၅၀၀ ကျော်ကို နေအိမ်များမှ ထွက်ခိုင်းပြီး ကျောင်းသို့ ခေါ်သွားကာ ထိုထဲမှာ ချောမောလှပသည့် အမျိုးသမီး အချို့ ရွေးယူပြီး စစ်သားများက လူစုခွဲ၍ တစ်ဦးချင်းစီကို တစ်နေရာစီသို့ သီးသန့် ခေါ်သွားကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။

ည ၁၁ နာရီ အချိန်တွင် မုဒိမ်းကျင့်ခဲ့သည့် အမျိုးသမီးများကို ကျောင်းသို့ ပြန်လည် ခေါ်လာခဲ့ပြီး၊ ကနဦး ပိတ်လှောင် ထားခဲ့သည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် အတူ အိမ်ပြန်စေခဲ့သည်။

အမျိုးသမီးများကို အိမ်များမှ ခေါ်ထုတ်လာစဉ် အမျိုးသား ၂၀ ဦးကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည့် အမျိုးသမီးများထဲမှ အသက် (၁၆) နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦးမှာ စစ်သားများ၏ အုပ်စုဖွဲ့ ယုတ်မာမှုကြောင့် ဒီဇင်ဘာလ (၅) ရက်နေ့ ညပိုင်းတွင် သေဆုံးသွားခဲ့သည်။

စစ်သားများသည် ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့ထိ နေ့စဉ် ရက်ဆက် စီးနင်း ၀င်ရောက်ပြီး လုယက်မှု ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် ကလေးငယ်များမှာ စားစရာပင် မရှိတော့၍ ငတ်ပြတ်မှု ဒဏ်နှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus