နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောရဲတပ်ဖွဲ့မှ တပ်ကြပ်လှမြင့်က အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး

MYARF
RB News
22.12.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲစခန်းမှ တပ်ကြပ်လှမြင့်က အပြစ်မဲ့ ဒေသခံပြည်သူများကို မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြို့မကညင်တန်း ကျေးရွာအုပ်စု၊ ဒဲလ်ဖာရာ (ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြောက်ဖက်) မှ ဦးရာမတ်အုလ္လာ (ဘ) ဦးဇော်လာလ် (အသက် ၄၀ နှစ်) သည် အမှတ် (၅) ရပ်ကွက် (ရွာသစ်ကေ ရပ်ကွက်) သို့ ဈေးဝယ်ရန် ရောက်နေစဉ် မောင်တော ရဲစခန်းမှ တပ်ကြပ်လှမြင့် အပါအ၀င် နယ်ထိန်းရဲများက ၂၀၁၂ ခုနှစ် ပဋိပက္ခတွင် ရခိုင်အိမ်များကို မီးရှို့ခဲ့သည်ဟု ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ရွာသစ်ကေ ရပ်ကွက်သား တစ်ဦးကိုလည်း မြို့မကညင်တန်း ကျေးရွာအုပ်စု၊ ဆီတိလ္လာရွာမှ ဖမ်းဆီးခဲ့သည်။ တပ်ကြပ်လှမြင့်သည် အပြစ်မဲ့များကို မီးရှို့မှုတွင် ပါဝင်သည်ဟု လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးထားသူထံမှ ငွေညှစ်၍ မရပါက နှစ်ရှည် ထောင်ဒဏ်ကျစေရန် အမှုဆင်လေ့ ရှိသည်ဟု ဒေသခံများက RB News သို့ ပြောပါသည်။ 

ဒီဇင်ဘာလ (၂၂) ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင်လည်း ဦးရှာကဲရ် (အသက် ၃၅ နှစ်) နှင့် ဦးအီလီယာစ် (အသက် ၃၄ နှစ်) တို့ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 

တပ်ကြပ်လှမြင့်သည် ယခင်က မောင်တောခရိုင် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး၊ အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားခဲ့သော်လည်း ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင်မှူး တို့ကို လာဘ်ငွေ ပေး၍ မောင်တောမြို့သို့ တာဝန်ဖြင့် ပြန်လည် ပြောင်းရွှေ့လာလေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။ မကြာသေးခင် ၎င်းကို ရသေ့တောင်မြို့နယ်သို့ ပြောင်းရွှေ့ တာဝန်ကျခံရသော်လည်း အထက်အရာရှိကြီးများကို လာဘ်ငွေပေး၍ မောင်တောခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ 


Comment ရေးရန်

Rohingya Exodus