နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက မောင်တောတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် ဘင်္ဂလားဒေ့ရှ်တွင် တွေ့ဆုံ

RB News
20.12.2016

Kutupalong, Ukiya -- ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့၂၄ နာရီကြာ အလုပ်သဘော ခရီးရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Ms Retno Marsudi သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ အူကီးယားမြို့တွင် ရှိသည့် ကုသုပါလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းသို့ ယနေ့ နေ့လည်ပိုင်းတွင် သွားရောက် ကြည့်ရှုခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးနှင့် အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ၀န်ကြီး၊ အတွင်းဝန်၊ ကော့ဇ်ဘဇား ခရိုင်မှ လွှတ်တော်အမတ်၊ အခြားအရာရှိကြီးများလည်း လိုက်ပါသွားခဲ့သည်။ 

ယနေ့ ဒီဇင်ဘာလ (၂၀) ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မောင်တောမြို့မှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ ရောက်နေတဲ့ မောင်တောက ဒုက္ခသည် အသစ် ၂၀ လောက်နဲ့ တွေ့ပါတယ်။ အဲဒီမှာ စစ်သားများရဲ့ မုဒိမ်းကျင့်ခြင်းကို ခံရတဲ့ အမျိုးသမီး ၁၀ ယောက်ပါတယ်။ ပြီးတော့ သေနတ်ဒဏ်ရာရသူတွေ၊ အခြား ညှဉ်းပန်းနှိပ်စက်ခံရသူတွေ ၁၀ ယောက်ပါတယ်။” ဟု ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ရောက်ရှိလာခဲ့ပြီး ဒုက္ခသည် စခန်းတွင် ၂၅ နှစ်ကြာ နေထိုင်လာသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်ဦးက RB News သို့ပြောသည်။ 

“သူတို့ကို စစ်သားတွေက ဘယ်လို ပုံစံမျိုးနဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာတွေကို သေချာ ရှင်းပြတယ်။ ပြီးတော့ သေနတ်ဒဏ်ရာနဲ့ လူတွေကလည်း လူတွေကို ဘယ်လို သတ်ဖြတ်တာ၊ ဘယ်လို ညှဉ်းပန်း နှိပ်စက်တာ၊ အိမ်တွေကို စစ်သားတွေက ဘယ်လို မီးရှို့တာတွေ အားလုံးကို သေချာ ပြောပြကြတယ်။” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Ms Retno Marsudi သည် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တက်ရောက်ပြီးနောက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ 

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေး ၀န်ကြီးက ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင် ရိုဟင်ဂျာများကို သတ်ဖြတ်နေခြင်း၊ ရိုဟင်ဂျာများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးနေခြင်း၊ အမျိုးသမီးများကို စစ်သားများက မုဒိမ်းကျင့်ခြင်း များနှင့် ပတ်သက်၍ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်ပေါ်နေသည် အထိ သုံးနှုန်း၍ ဆွေးနွေးခဲ့သည်။ 

အစည်းအဝေးတွင် မြန်မာအစိုးရက လူသားချင်းစာနာ ထောက်ထားသည့် အထောက်အပံ့များ ပေးခွင့် ပေးမည်ဟု ကတိပြုခဲ့သော်လည်း ထိုကဲ့သို့ ကတိပြုနေသည်မှာ ကုလသမဂ္ဂ ဌာန ကိုယ်စားလှယ်နှင့် သံတမန်များ အဖွဲ့ နိုဝင်ဘာလ လဆန်းပိုင်းတွင် သွားခဲ့စဉ် အခါကပင် ဖြစ်ပြီး၊ ယခုလည်း ထပ်မံ ကတိပြုသည့် အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ယုံကြည်မှု မရှိဘဲ ဝေဖန် ပြောဆိုနေခြင်းများလည်း ရှိနေသည်။ 

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးက ရိုဟင်ဂျာ ဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှား နိုင်ငံ အနေဖြင့်  အကောင်းဆုံး ဖြေရှင်းပေးနိုင်ရန် ကြိုးစားသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ 






(ဓါတ်ပုံ - Mohammed Shahriar Alam Facebook)

Comment ရေးရန်

Rohingya Exodus