နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇီးပင်ချောင်း ချောင်းကုလာရွာမှ ရိုဟင်ဂျာ အမျိုးသမီး (၈) ဦးကို မြန်မာစစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်

RB News
12.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၈) ဦးကို စစ်သားများက အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် အပြင် အခြား အမျိုးသမီး ၂၀ ကျော်ကိုလည်း လိင်အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်တွင် တောင်ပြိုလက်ဝဲမြို့၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု၊ ချောင်းကုလာရွာသို့ စစ်သား ၅၅ ဦး ၀င်ရောက်လာခဲ့ရာ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး ၃၀ ဦးသည် စစ်သားများ၏ မုဒိမ်းကျင့်ခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ဟာဖီးဇ် အက်ဘာလ်၏ နေအိမ်တွင် စုဝေး၍ ထိုင်နေခဲ့ကြသည်။

အမျိုးသမီးများ စုဝေးနေသည့် အိမ်အတွင်းသို့ စစ်သား (၁၂) ဦး ၀င်ရောက်လာပြီး အမျိုးသမီး (၈) ဦးကို အခန်းထဲသို့ ခေါ်သွားကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထို့အပြင် ကျန်သည့် အမျိုးသမီး (၂၀) ဦးကျော်ကိုလည်း အ၀တ်အစားများ၊ အတွင်းခံများပါ မကျန် ချွတ်ခိုင်းပြီး လိင်အကြမ်းဖက်မှုများကို စိတ်ကြိုက် ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး (၈) ဦးတွင် (၄) ဦးမှာ အိမ်ထောင်သည်များ ဖြစ်ပြီး၊ ကျန်သည့် (၄) ဦးမှာ အပျိုများ ဖြစ်ကြောင်း သိရှိရသည်။

မုဒိမ်းကျင့်ခံရသူ (၈) ဦးတွင် အသက် (၄၀) နှစ် အရွယ် မိခင်နှင့် အသက် (၁၈) နှစ် အရွယ်၊ အသက် (၂၁) နှစ် အရွယ် သမီးပျို နှစ်ဦးလည်း ပါဝင်သည်။ ကျန်သည့် အပျိုနှစ်ဦးမှာ အသက် (၁၇) နှစ် အရွယ်နှင့် အသက် (၂၂) နှစ် အရွယ်တို့ ဖြစ်ကြသည်။ အခြား အိမ်ထောင်သည် (၃) ဦးမှာ အသက် (၂၅) နှစ်၊ အသက် (၃၃) နှစ်နှင့် အသက် (၃၇) နှစ် အရွယ်တို့ ဖြစ်ကြသည်။

စစ်သားများသည် ကျေးရွာတွင်းတွင် မုဒိမ်းကျင့်သည့် ရာဇ၀တ်မှုများ ကျူးလွန်သည့် အပြင် ဦးမောင်မြင့်၊ ဦးဖော်ဇော်လ်နှင့် ဦးရှီခါန်ဒေါရ် တို့၏ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်ခဲ့ပြီး၊ ဦးဆီရာဇုလ်ဟောက်၏ အသက် (၇၀) နှစ်အရွယ် ဇနီးသည် ထံမှ ရွှေနားကပ် တစ်ရံလည်း လုယက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်းသို့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းရေး ကော်မရှင် ရောက်ရှိနေသည့် အချိန်တွင် မြောက်ပိုင်းရှိ ကျေးရွာ အချို့တွင် စစ်သားများက လုယက်ခြင်း၊ ဒေသခံများကို ကော်မရှင် အဖွဲ့နှင့် တွေ့ခွင့်မရစေရန် နေအိမ်များမှ မောင်းထုတ်ခြင်းများကို ဒီဇင်ဘာလ (၁၁) ရက်နေ့မှစ၍ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။




Comment ရေးရန်

Rohingya Exodus