နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွမ်းသီးပင်မှ ဒေသခံနှစ်ဦးကို နယ်ခြားစောင့်ရဲများက ဖမ်းဆီး ငွေညှစ်၊ တဲအိမ် (၅) လုံးကို နယ်ခြားစောင့်ရဲများက ဖြိုဖျက် ဖျက်ဆီး

Rohingya Eye
RB News
21.12.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲများသည် ဒေသခံနှစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ပြီး၊ နေအိမ်အချို့ကို ဖြိုဖျက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ နံသာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ဒီဇင်ဘာလ (၁၇) ရက်နေ့ ည (၈) နာရီ အချိန်တွင် လာဖိုယာရွာမှ အီလီယာစ် (ဘ) ဦးဂူရာမျာ (အသက် ၂၂ နှစ်) နှင့် ဆော်နာအူလ္လာ (ဘ) ဦးနူရ်အာလောမ် (အသက် ၁၈ နှစ်) တို့၏ နေအိမ်များသို့ သွားရောက်၍ ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လမ်းတစ်ဝက်တွင် ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ၎င်းတို့ နှစ်ဦးကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ 

ယနေ့ ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် ကွမ်းသီးပင်ကျေးရွာအုပ်စု၊ ချောင်းဝ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲ (၈) ဦးသည် အနောက်ရွာသို့ သွားရောက်၍ တဲအိမ် (၅) လုံးကို ယခင် န.စ.က ဆွဲခဲ့သည့် ကျေးရွာ မြေပုံတွင် မပါရှိဟုဆိုကာ အတင်းအဓမ္မ ဖြိုဖျက်ခဲ့သည်။ 

ဖြိုဖျက်ခံရသည့် တဲအိမ်ပိုင်ရှင်များမှာ --

(၁) ဟောလိလ် (ဘ) ဦးဟာဘဲစ်အာမတ် (အသက် ၂၂ နှစ်)
(၂) ဟာဖီးဇ်တော်ဖိသ်ဒူလ္လာ (ဘ) ဦးအဗ်ဒူလ်ဖာတာ (အသက် ၂၇ နှစ်)
(၃) ရာဟဲလ် (ဘ) မော်လ၀ီအာမာန်အုလ္လာ (အသက် ၂၅ နှစ်)
(၄) ဦးမာမတ်ဒူလ္လာ (ဘ) ဦးရာဟဲတ်ဟူစိန်း (အသက် ၃၂ နှစ်)
(၅) ဦးဂျိုနိုက် (ဘ) ဦးဖူရူခ် (အသက် ၃၁ နှစ်) -- တို့ဖြစ်ကြသည်။ 

၎င်းတို့သည် ကျဘန်း အလုပ်လုပ်ကိုင်ကြသူများ ဖြစ်ကြပြီး၊ ဆင်းရဲချို့တဲ့သူများ ဖြစ်ကြသည်။ 

“မြေပုံမှ မပါတာက အခြားလူမျိုးတွေမှာလည်း ရှိကြတာပဲ။ လယ်မြေပေါ်မှာ ဆောက်ထားတာလည်း မနည်းဘူး။ သူတို့တွေရဲ့ အိမ်တွေကျတော့ မဖျက်ဘူး။ ကျွန်တော်တို့ လူမျိုးကျမှ ရွေးဖျက်နေတယ်။ အိမ်ဖျက်ခံရတဲ့ လူတွေ ဘယ်မှာ သွားနေကြမလဲ။ ဒီလောက် အေးတဲ့ရာသီမှာ ဘယ်မှာသွားနေကြမလဲ၊ အိမ်ဖျက်ခံရတဲ့ လူတွေကတော့ အတော်လေးကို သနားစရာကောင်းပါတယ်” ဟု ကျေးရွာလူကြီးတစ်ဦးက ၀မ်းနည်းစွာဖြင့် ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus