နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့ဝင်များက ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေသိန်းချီ ညှစ်လျက်ရှိ

MYARF
RB News
22.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်း ကျေးရွာ အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြို့ပေါ်ရပ်ကွက်နှင့် တောင်ပိုင်း ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာအခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကား၊ ဆိုင်ကယ်များဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ဆင်ခြေဖုံး ကျေးရွာများသို့ အမြဲသွားရောက်၍ ဒေသခံရိုဟင်ဂျာများကို အကြောင်းအမျိုးမျိုး ခေါင်းစဉ်တပ် စွပ်စွဲကာ ငွေညှစ်လျက် ရှိသည်။

အနီးအနားကျေးရွာများမှ မြို့မဈေးသို့ ဈေးဝယ်ရန် လာရောက်သူများကို မြို့မကညင်တန်းရှိ ၎င်းတို့ စခန်းရှေ့မှ ဖြတ်သန်းသွားစဉ် ဖမ်းဆီး၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု၊ ဘက္ကားဂုံးနား ကျေးရွာမှ ဦးရာဟဲလ် (ဘ) ဦးကာလာမျာသည် မြို့မဈေးသို့ ဈေးဝယ်ရန် သွားနေစဉ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ စခန်းရှေ့မှ ဖြတ်သန်းသွားစဉ် ရဲများက အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း တောင်းခံရာ၊ ဦးရာဟဲလ်က ငွေပေးရန် ငြင်းဆန်သဖြင့် ရဲများက “ရဲတွေမှာ နည်းလမ်းပေါင်းစုံ ရှိတယ်၊ ပုဒ်မတစ်ခုခုတပ်ပြီး ထောင်ကျအောင် လုပ်လို့ရတယ်” ဟု ခြိမ်းခြောက်၍ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် ကျီးကန်းပြင် ကျေးရွာမှ မြို့မတောင်ရပ်ကွက် (အမှတ် (၂) ရပ်ကွက်) ဖေဇီရွာသို့ ပြောင်းရွှေ့နေထိုင်သူ ဦးဆာလေအာမတ် (ဘ) ဦးကာလာမျာကို မြို့ပေါ် လမ်းမကြီးမှ အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေညှစ်ရာ ဦးဆာလေအာမတ်က ငွေမပေးသဖြင့် ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်ကို တိုက်ခိုက်ရာတွင် ပါဝင်သူဟူ၍ အမှုဖွင့် ထောင်ချမည်ဟု ခြိမ်းခြောက်၍ ၎င်းတို့ စခန်းတွင် တစ်ရက် ချုပ်နှောင်ထားကာ ဇန်န၀ါရီလ (၁၆) ရက်နေ့ ညနေပိုင်းတွင် ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ယင်းနေ့ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင်ပင် ဖေဇီရွာမှ ဦးနော်ဂျူမ် (ဘ) ဦးအဒူဆူဘာန် (ရွှေဆိုင်ပိုင်ရှင် ဦးယာစီးန်၏ တူတော်မောင်) ကိုလည်း ဖမ်းဆီး၍ လူကုန်ကူး ပွဲစားဟု လုပ်ကြံစွပ်စွဲကာ ငွေကျပ် ၈ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် မြို့ဦး (ဧတာလျာ) ကျေးရွာအုပ်စု၊ ဟော်ရီတူလ္လာရွာမှ မြို့မတောင်ရပ်ကွက်၊ ဖေဇီရွာသို့ ပြောင်းရွှေ့နေထိုင်သူ ဦးရှောမ်ရှု (ဘ) ဦးမာမတ်ဟူစိန်းကို အကြောင်းမဲ့ ဖမ်းဆီး၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ဖေဇီရွာမှ ဦးဇော်ဟိရ်အာမတ်ကို ဖမ်းဆီး၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၂၀) ရက်နေ့တွင်လည်း အဆိုပါ ရဲတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော်ဈေးသို့ သွားရောက်၍ ဆိုင်ရှင်အချို့ထံမှ ငွေညှစ်ခဲ့သည်။ ယင်းနေ့ နေ့လည် ၁၂ နာရီအချိန်တွင် ဥဒေါင်းကျေးရွာသို့ သွားရောက်၍ ဥဒေါင်းမှ အပြန်တွင် ဥဒေါင်းနှင့် ကံပူးကျေးရွာ အကြား တံတားအနီးတွင် ဆိုင်ကယ်စီးလာနေသည့် ကံပူးကျေးရွာသား ဦးအာဘူဟားယတ်ကို ရဲတပ်ဖွဲ့ဝင်များ၏ ကားကို လမ်းမပေးခဲ့ဟုဆိုကာ ဆဲဆို၍ ဖမ်းဆီးရန် လုပ်သဖြင့် ဦးအာဘူဟားယတ်သည် ဆိုင်ကယ်ကို ထိုနေရာတွင် ထား၍ ထွက်ပြေး၍ ရဲများက ၎င်း၏ ဆိုင်ကယ်ကို ကားပေါ်တင်၍ မောင်တောမြို့သို့ ယူဆောင် သွားခဲ့သည်။ ၎င်းကို မတရားဖမ်းဆီးရန် ကြိုးစားခြင်းမှာ ဥဒေါင်းကျေးရွာတွင် ငွေညှစ်ရန် အဆင်မပြေခဲ့သဖြင့် ဒေါသထွက်၍ လမ်းတွင်တွေ့သည့်သူကို ယခုကဲ့သို့ လုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။



Comment ရေးရန်

Rohingya Exodus