နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့မရဲစခန်းမှ နယ်ထိန်းများနှင့် သပြေကုန်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဒေသခံတစ်ဦးထံမှ ငွေညှစ်

RB News
1.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၄) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် မြို့မ ရဲစခန်းမှ နယ်ထိန်းရဲများ ပူးပေါင်း၍ ဒေသခံတစ်ဦးထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် (သပြေကုန်းရပ်ကွက်) မှ ဦးမာမတ်ယာစီးန် (ဘ) ဦးအဒူရော်ဟိမ်းသည် မြို့မဈေးတွင် အလှကုန်ဆိုင် ရောင်းချနေသူ တစ်ဦးဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ နယ်ထိန်း သန်းအေး အပါအ၀င် ရဲတပ်ဖွဲ့ (၃) ဦးသည် ဦးမာမတ်ယာစီးန်၏ ဆိုင်သို့ သွားရောက်၍ ညနေ (၄) နာရီ အချိန်တွင် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဦးစော၏ နေအိမ်သို့ လာရောက်ရန် ပြောကြားခဲ့သည်။ 

ညနေ (၄) နာရီ အချိန်တွင် ဦးမာမတ်ယာစီးန်သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဦးစော၏ နေအိမ်သို့ သွားရောက် တွေ့ဆုံသောအခါ နယ်ထိန်းရဲများက အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ ငွေကျပ် နှစ်သိန်း တောင်းခံခဲ့သည်။ အကယ်၍ ငွေမပေးပါက ရဲစခန်းသို့ ခေါ်သွားပြီး ချုပ်နှောင်ထားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဦးမာမတ်ယာစီးန်သည် အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ခုနှစ်သောင်း ပေးခဲ့ရကြောင်း အဆိုပါ ဒေသခံကပြောပါသည်။ 

လွန်ခဲ့သည့် နိုဝင်ဘာလတွင်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဦးစောနှင့် စ.ရ.ဖ မှ ဦးစည်သူအောင်တို့ ပူးပေါင်းပြီး ဦးမာမတ်ယာစီးန်ကို မတရားအသင်းနှင့် ဆက်နွယ်မှုရှိသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် တစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့သည်။ 




Comment ရေးရန်

Rohingya Exodus