နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲ ကျွန်းပေါက်ပြုစုနှင့် သဲချောင်းတို့မှ ဒေသခံ (၃) ဦး ငွေညှစ်ခံရ

Rohingya Eye
RB News
2.1.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကြိမ်ချောင်းမှ စစ်သားများသည် ဒေသခံတစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကျွန်းပေါက်ပြုစု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးရှော်ဘိရ်နှင့် ကြိမ်ချောင်းကျေးရွာ အခြေစိုက် တပ်ရင်းမှ စစ်သား (၅) ဦး တို့သည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် ယင်းကျေးရွာအုပ်စု၊ ဆော်မန္နားဟ်ရွာမှ ဦးရှောမ်ရှု (ဘ) ဦးအဒူဆောမောဒ် (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ဖမ်းဆီးပြီး ကီးယာမောတ်ခါလီရွာရှိ ဈေးသို့ ခေါ်ဆောင်သွားပြီး၊ သောင်းကျန်းသူများကို ထမင်းကျွေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

သို့သော်လည်း ဖမ်းဆီးခံရသူ ဦးရှောမ်ရှုက မဟုတ်မမှန်သည့် ကိစ္စတစ်ခုကို ၀န်မခံနိုင်ကြောင်း ပြောဆိုခဲ့သည်။ နောက်ဆုံးတွင် လူမဆန်စွာနှိပ်စက်နေသည်ကို မခံနိုင်တော့၍ ငွေကျပ် (၇) သိန်း ပေးခဲ့ရကြောင်း၊ ငွေကျပ် (၇) သိန်း ပေးပြီးမှ ည (၁၀) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဦးရှောမ်ရှုကို ဖမ်းဆီးသည့် ကိစ္စတွင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လုပ်ကြံခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဒီဇင်ဘာလ (၂၈) ရက်နေ့ကလည်း တောင်ပြိုလက်ဝဲမြို့ နယ်ခွဲ အခြေစိုက် တပ်ရင်းမှ စစ်သားအချို့သည် သဲချောင်းကျေးရွာအုပ်စု၊ မော်ဒီရွာသို့ သွားရောက်နေစဉ် ကျွန်းပေါက်ပြုစု ကျေးရွာမှ နွား (၁၇) ကောင် ၀ယ်ယူ၍ ပြန်လာနေသည့် သဲချောင်းရွာသားများ ဖြစ်သော မာမတ်ရှော်ရီဖ် (ဘ) ဦးဇော်လာလ် (အသက် ၂၀ နှစ်) နှင့် ဘော်ဒီး (အသက် ၂၈ နှစ်) တို့ကို ဖမ်းဆီး၍ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။

အဆိုပါ သဲချောင်းရွာသားနှစ်ဦးသည် သဲချောင်းကျေးရွာအုပ်စု၊ သာယာကုန်းရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို အကြောင်းကြား၍ နွားများ ၀ယ်ယူခဲ့ခြင်း ဖြစ်သော်လည်း စစ်သားများက အတင်းအဓမ္မ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။




Comment ရေးရန်

Rohingya Exodus