နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ဒက္ကားမြို့သို့ရောက်ရှိ

RB News
28.1.2017

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အဖွဲ့မှ အဖွဲ့ဝင် (၃) ဦးပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာဏာပိုင်များနှင့် ရိုဟင်ဂျာအရေး တွေ့ဆုံဆွေးနွေးရန် အတွက် ယနေ့ ဒက္ကားမြို့သို့ ရောက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် The Daily Star သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။

ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစစ်တပ်၏ သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများ နေထိုင်လျက်ရှိသည့် နေရာများသို့လည်း သွားရောက်ကြည့်ရှုမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သံတမန်သတင်းများအရ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လေးရက်ကြာ နေထိုင်မည်ဖြစ်ပြီး၊ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းနှစ်ခုအတွင်းသို့ ထပ်မံရောက်ရှိသည့် ရိုဟင်ဂျာဒုက္ခသည် ၆၅၀၀၀ ကို သွားရောက်ကြည့်ရှုမည် ဖြစ်ကြောင်း The Daily Star ၏ သတင်းတွင် ရေးသားဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး၊ ရခိုင်နှင့် ရိုဟင်ဂျာ လူ့အသိုင်းအ၀ိုင်းနှစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် တစ်နှစ်အတွင်း အကြံပေး အစီရင်ခံစာတစ်ရပ် တင်သွင်းပေးရန် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို လာရောက်တွေ့ဆုံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်များက ပြောကြားကြောင်း The Daily Star ၏ သတင်းတွင် ဖော်ပြထားသည်။

ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ကိုယ်စားလှယ်အဖွဲ့တွင် ဦးဝင်းမရ၊ ဦးအေးလွင်နှင့် Mr Ghassan Salame တို့ပါဝင်သည်။ ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံမှ တရားဝင်နှင့် တရားမ၀င် ရိုဟင်ဂျာ ဒုက္ခသည်များ အားလုံးကို ပြန်လည် ခေါ်ဆောင်သွားရန် ပြောကြားမည် ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရားဝင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး၊ ရိုဟင်ဂျာများသည် တရားဝင် မြန်မာနိုင်ငံသားများ ဖြစ်သောကြောင့် ပြန်လည် ခေါ်ယူသွားမည် ဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ဒုက္ခသည်များ ပြန်လည်ခေါ်ယူသွားရေး အတွက် မည်သို့မဆို ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်း၊ တရားမ၀င် ဒုက္ခသည် ၃ သိန်းမှ ၅ သိန်းထိ ရှိကြောင်း၊ တရားဝင် ၃၂၀၀၀ ရှိကြောင်း သတင်းတွင် ရေးသားထားသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ရိုဟင်ဂျာ ဒုက္ခသည်များ (ဓါတ်ပုံ - The Daily Star) 

Comment ရေးရန်

Rohingya Exodus