နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင် တောင်ရွာကို စစ်တပ်နှင့် နယ်ခြားစောင့်ရဲများ စီးနင်းဝင်ရောက်၍ အပြစ်မဲ့ ဒေသခံ (၄) ဦးကို ဖမ်းဆီးသွား

Rohingya Eye
RB News
23.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု တောင်ရွာသို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် စစ်တပ်တို့ ၀င်ရောက်စီးနင်း၍ အပြစ်မဲ့ ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၁) ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား အင်အား ၂၀၀ ကျော်တို့သည် ကျီးကန်းပြင် ကျေးရွာအုပ်စု တောင်ရွာကို ၀ိုင်းထားခဲ့ပြီးနောက် တောင်ရွာရှိ နေအိမ်များမှ ဒေသခံ ရိုဟင်ဂျာများကို နေအိမ်များမှ အပြင်သို့ထုတ်၍ နေအိမ်များ အတွင်းသို့ ၀င်ရောက် စစ်ဆေးခဲ့သည်။ နေအိမ်များ အတွင်း အသေးစိတ် ရှာဖွေပြီးနောက် အိမ်ထောင်စုစာရင်းများနှင့် လူဦးရေများ စစ်ဆေးကာ မိသားစုများကို ဓါတ်ပုံရိုက်၍ မှတ်တမ်းတင်ခဲ့သည်။ တပ်ဖွဲ့ဝင်များက မတွေ့ရှိသည့် အိမ်ထောင်စုစာရင်းပါ မိသားစုဝင်များ၏ အသေးစိတ် အချက်အလက်များကို မေးမြန်းခဲ့သည်။

“ရွာကလူတွေကတော့ တပ်တွေ ၀င်လာတာနဲ့ ရတဲ့နည်းနဲ့ ထွက်ပြေးကြတယ်။ အကုန်လုံးက ညှဉ်းပန်းနှိပ်စက်ခံရမှာ၊ မုဒိမ်းကျင့်ခံရမှာကို အရမ်းကြောက်ကြတယ်။ ရွာကိုလည်း ၀ိုင်းထားတာ လေးဖက် စလုံးက၊ ဒါပေမယ့် တစ်ချို့ကတော့ ရရာနည်းလမ်းနဲ့ ပြေးကြတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ရွာအတွင်းတွင် လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ရှိသူ ရှိသည်ဟု ဆိုကာ ၀င်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်ပြီး၊ ရွာအတွင်းမှ ရွာသား ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးသွားပြီး အောင်ဇေယျ န.တ.လ ရွာရှိ အုပ်ချုပ်ရေးမှူး ၏ နေအိမ်တွင် တစ်ညတာ ချုပ်နှောင်ထားခဲ့သော်လည်း ဇန်န၀ါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။

ဦးမာမွတ်ဇာဖောရ် (ဘ) ဦးမာမွတ်ဟူဆောင်း (အသက် ၄၁ နှစ်) ၏ နေအိမ်တွင် တည်းခိုနေသည့် ၀ါးပိတ်ရွာသားနှစ်ဦးနှင့် မောင်နှမရွာမှ ရွာသားတစ်ဦး တို့ကို အိမ်ရှင်ဖြစ်သူနှင့် အတူ ဖမ်းဆီး၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားကာ ချုပ်နှောင် ထားကြောင်း သိရှိရသည်။

ဝါးပိတ်ရွာသား နှစ်ဦးမှာ ၎င်းတို့၏ နေအိမ်များ မီးရှို့ခံရသောကြောင့် ဆွေမျိုးဖြစ်သူ၏ နေအိမ်တွင် ခိုလှုံနေခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးမှာ ဦးရှောမ်ရှုအာလောမ် (ဘ) ဦးနူရ်မာမွတ် (အသက် ၃၈ နှစ်) နှင့် ဦးနူရ်အာလောမ် (အသက် ၃၀ နှစ်) တို့ဖြစ်ပြီး၊ မောင်နှမ ကျေးရွာမှ ရွာသားမှာ ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် ရောက်ရှိနေသူဖြစ်သည်။

ဖမ်းဆီးခံထားရသူ (၄) ဦးစလုံးမှာ အပြစ်မဲ့များ ဖြစ်ကြပြီး၊ တရားဥပဒေနှင့် မလွတ်ကင်းသည့် မည်သည့် လုပ်ရပ်ကိုမှ မလုပ်ကြသူများ ဖြစ်ကြကြောင်း ဒေသခံများက ပြောပါသည်။

နောက်ဆုံးရသတင်း -

ဖမ်းဆီးထားသူ (၄) ဦးကို ဇန်န၀ါရီလ (၂၃) ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။


ကျီးကန်းပြင် အလယ်ရွာမှ ဒေသခံများကို အောက်တိုဘာလ တတိယပတ်က နေအိမ်များမှ မောင်းထုတ်ခဲ့ရာ ရွာသားများ ရွာမှ ထွက်သွားနေကြပုံ

Comment ရေးရန်

Rohingya Exodus