နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မောင်ကြီးတောင်မှ အမျိုးသမီး နှစ်ဦး မုဒိမ်းကျင့်ခံရ

RB News
8.1.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မောင်ကြီးတောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး နှစ်ဦးကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၈) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ခမရ (၅၆၄) တပ်ရင်းမှ စစ်သားများက မောင်ကြီးတောင် ကျေးရွာမှ အသက် (၄၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် (၃၅) နှစ် အရွယ် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ပြီး၊ တစ်ဦးကို စစ်သားနှစ်ဦးက မုဒိမ်းကျင့်ခဲ့ပြီး၊ အခြားတစ်ဦးကို စစ်သားတစ်ဦးက မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဇန်န၀ါရီလ (၇) ရက်နေ့ နံနက် (၁၁) နာရီ အချိန်တွင် မောင်ကြီးတောင် ကျေးရွာအုပ်စု မြစ်နားရွာမှ ဖော်ယာစ် (ဘ) ဦးနာဆဲရ် (အသက် ၂၀ နှစ်) ကို ခမရ (၅၆၄) တပ်ရင်းမှ စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ ရဲတပ်ရင်း (၃) သို့ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ၎င်းကို လက်နက်များ ထားသည့် နေရာကို အတင်းအဓမ္မ ရိုက်နှက်၍ ပြောခိုင်း၍ ၎င်းက နေရာကို မသိသော်လည်း ရိုက်နှက်မှုဒဏ်မှ သက်သာစေရန် အတွက်ဟု ဆိုကာ မြစ်ကမ်းနားတွင် ရှိသည်ဟု ပြောဆိုခဲ့သည်။

ယနေ့ ဇန်န၀ါရီလ (၈) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် စစ်သားများက ဖော်ယာစ်ကို လက်ထိပ်ခတ်၍ မြစ်နားရွာရှိ မြစ်ကမ်းနားသို့ ခေါ်လာခဲ့သည်။ ၎င်းတွင် ပြပေးစရာ နေရာမရှိသောကြောင့် မြစ်ထဲသို့ ခုန်ချ၍ ထွက်ပြေးရန် ကြိုးစားခဲ့သည်။ သို့သော်လည်း စစ်သားများနှင့် အတူ လိုက်ပါလာသည့် ဒေသခံတစ်ဦးက မြစ်ထဲမှ ပြန်လည် ဖမ်းဆီးပေးလိုက်သောကြောင့် စစ်သားများက လူမဆန်စွာ ရိုက်နှက်၍ ခမရ (၅၆၄) တပ်ရင်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

စစ်သားအချို့သည် ဖော်ယာစ်နှင့် အတူ ရွာမှ ထွက်ခွာသွားပြီး၊ အချို့သည် ရွာထဲသို့ ၀င်ရောက်ပြီးနောက် အမျိုးသမီး နှစ်ဦးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ စစ်သားများ ၀င်ရောက်လာသည့် အခါ ရွာမှအမျိုးသားများ ထွက်ပြေးသွားခဲ့ကြပြီး၊ စစ်သားများက အိမ်များမှ ကလေးများကို မောင်းထုတ်၍ အမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးနှစ်ဦး စလုံးမှာ အိမ်နီးချင်းများ ဖြစ်ကြသည်။

မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး နှစ်ဦးစလုံးမှာ အိမ်ထောင်သည်များ ဖြစ်ကြပြီး၊ ကလေးများ၏ မိခင်များ ဖြစ်ကြသည်။

(မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများ၏ အမည်များကို လုံခြုံရေးနှင့် ဂုဏ်သိက္ခာပိုင်း အရ ချန်လှပ် ထားသည်)




Comment ရေးရန်

Rohingya Exodus