နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရမှ ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ါးပိတ်ရွာသားများကို ပြန်လည် နေရာချထားပေးမည့် နေရာများကို ဒေသခံများ လက်မခံ

Rohingya Eye
RB News
24.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ါးပိတ်ကျေးရွာမှ ရွာသားများကို ပြန်လည်နေရာချထားပေးမည့် နေရာများကို ဒေသခံများက လက်မခံနိုင်ကြောင်း ပြောဆိုနေကြသည်။

ယနေ့ ဇန်န၀ါရီလ (၂၄) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျီးကန်းပြင် ကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ကျီးကန်းပြင် ကျေးရွာအုပ်စု၊ ၀ါးပိတ်ရွာနှင့် အလယ်ရွာတို့မှ ဒေသခံများ တွေ့ဆုံပွဲ တစ်ရပ်ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ၀ါးပိတ်ကျေးရွာကို စံပြကျေးရွာပုံစံဖြင့် ပြန်လည်တည်ဆောက်မည်ဟု ပြောဆိုခဲ့ရာ ၀ါးပိတ်ရွာသားတစ်ဦး ဖြစ်သည့် ဦးမာမွတ်အာမီးန်က ၀မ်းပန်းတသာဖြင့် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ကျီးကန်းပြင် အလယ်ရွာမှ ရွာသားတစ်ဦးက ၎င်းတို့အား စစ်တပ်က နယ်မြေရှင်းလင်းရန် အတွက်ဟု ဆိုတာ ရွာမှ မောင်းထုတ်ခဲ့ကြောင်း၊ ၎င်းတို့ အနေဖြင့် အခြားရွာများတွင် ခိုလှုံနေရကြောင်း၊ နေအိမ်များမှ နှင်ထုတ်ခံရသည့် အချိန်မှစ၍ ယခုအချိန်ထိ ရွာထဲသို့ ပြန်၍ ၀င်ခွင့် မရသေးကြောင်း၊ မိမိတို့၏ နေအိမ်များရှိ ပရိဘောဂများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ မရှိတော့သည့် အပြင် နေအိမ်များရှိ သစ်များ၊ အိမ်တိုင်များပါ မကျန် ခိုးခံရပြီး ဖြစ်ကြောင်း တင်ပြခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ၎င်းတို့အား မကြာခင် ရွာထဲသို့ ပြန်ဝင်ခွင့် ရအောင် ပြုလုပ်ပေးမည်ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဒေသခံများ အားလုံးကို မြို့နယ် အုပ်ချုပ်ရေးမှူးက ၀ါးပိတ်ကျေးရွာတွင်သာ ပြန်လည်၍ နေရာချထားပေးမည် ဆိုသည့် ပုံစံမျိုးဖြင့် ပြောကြားခဲ့ရာ၊ ဒေသခံများက ကျေနပ်ခဲ့သော်လည်း တွေ့ဆုံပွဲ အပြီးတွင် ပြန်လည်နေရာချထားပေးမည့် နေရာများကို ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြပြီးနောက် ဒေသခံများက ယခုနေရာချထားပေးမည့် နေရာကို လုံးဝ လက်မခံနိုင်ကြောင်း RB News သို့ပြောပါသည်။

ယခု နေရာချထားပေးမည့် နေရာသည် ၀ါးပိတ်ကျေးရွာတွင် မဟုတ်ဘဲ ကျီးကန်းပြင်ကျေးရွာအုပ်စုရှိ ကျီးကန်းပြင် - ဇင်ပိုင်ညာ ကားလမ်းနံဘေးနှင့်  နွားရုံတောင်ကျေးရွာအုပ်စုရှိ ကျီးကန်းပြင် - ကြိမ်ချောင်း ကားလမ်းနံဘေး ဖြစ်သော်လည်း မြေနေရာများမှာ မကောင်းသည့် မြေနေရာများဖြစ်ခြင်း၊ သောက်သုံးရေ ရရှိရန် အလွန်ခက်ခဲသော နေရာဖြစ်ခြင်း တို့ကြောင့် ၎င်းတို့ အနေဖြင့် လုံးဝ လက်မခံနိုင်ဟု ဆိုသည်။

ဒေသခံများက ၎င်းတို့၏ နဂိုမူလ ကျေးရွာတွင်သာ နေထိုင်လိုကြောင်း၊ ယခုအခါ အခြားကျေးရွာများတွင် ခိုလှုံ၍ နေရသည်မှာလည်း အလွန် အခက်အခဲရှိကြောင်း၊ အစိုးရ အနေဖြင့် မိမိတို့၏ နဂိုမူလ ကျေးရွာတွင်သာ ပြန်လည် နေရာချထားပေးရန် တောင်းဆိုသည်ဟု ဖြည့်စွက် ပြောကြားပါသည်။



Comment ရေးရန်

Rohingya Exodus