နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇားမှ နယ်ခြားစောင့်ရဲများက အခြေခံ အာရဗီကျောင်း အပါအ၀င် အိမ်ခြံဝင်းများမှ အိမ်သာ၊ ရေချိုးများ ဖြိုဖျက် ဖျက်ဆီး

Rohingya Eye
RB News
9.1.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလရွာနှင့် မြောက်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းနှစ်ခုမှ နယ်ခြားစောင့်ရဲများသည် ဇန်န၀ါရီလ (၇) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် ယင်းကျေးရွာ အတွင်းရှိ ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ခြံများ အတွင်း၌ ပလတ်စတစ် အကာများဖြင့် အသုံးပြုနေသော ရေချိုးခန်းများ၊ အိမ်သာများကို ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။ 

နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ရိုဟင်ဂျာများ၏ ခြံဝင်းများ အတွင်း၌ ပလတ်စတစ် အကာများဖြင့် အသုံးပြုနေသော ရေချိုးခန်းများ၊ အိမ်သာများကို ဖျက်ဆီးခဲ့သည့် အပြင် ယင်းနေ့တွင်ပင် စေတီပြင်ရွာ၏ တောင်ဘက်ဗလီ၏ အနောက်ဘက်ခြမ်း ခြံစည်းရိုးများကို ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်နာရွာမှ အခြေခံ အရဗီ စာသင်ကျောင်း တစ်ကျောင်းကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့သည်။ ထို့အပြင် မြောက်ရွာမှ ဦးဆွေယောဒ်နူရ် (ဘ) ဦးအီနုစ် (အသက် ၃၀ နှစ်) ၏ တဲအိမ်ကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲများက ခြံစည်းရိုး တိုင်တစ်လုံး တွေ့လျှင်ပင် ဒဏ်ငွေဆောင်ရမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ခြံစည်းရိုး မရှိတော့သဖြင့် အမျိုးသမီးများ နေအိမ်မှ အပြင်ထွက်၍ အိမ်သာတက်ခြင်း၊ ရေချိုးခြင်း၊ ရေခတ်ခြင်းများ လုပ်ဆောင်ရန် အလွန် ခက်ခဲနေကြောင်း၊ ထိုကဲ့သို့သော အခက်အခဲများကို ဇန်န၀ါရီလ (၆) ရက်နေ့တွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်းရေး ကော်မရှင်အဖွဲ့က မြို့သူကြီး ကျေးရွာတွင် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံစဉ် ကျေးရွာသားများက တင်ပြခဲ့ရာ၊ ဦးမြင့်ဆွေက အဆိုပါ အခက်အခဲများ ပြေလည်အောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကို ပြောသွားမည်ဟု ပြောကြားခဲ့သော်လည်း ယခုအခါ ခြံစည်းရိုး အတိုအစ၊ အိမ်ခြံဝင်း အတွင်းရှိ ရေချိုးခန်း၊ အိမ်သာများပါ ဖြိုဖျက် နေသည်ကို ကြည့်ခြင်းအားဖြင့် ဦးမြင့်ဆွေ၏ ပြောဆိုချက်များသည် လိမ်ညာခြင်းသာ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus