နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ်မှ ကာကွယ်ဆေးကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရသို့ Ro Nay San Lwin ၏ တုံ့ပြန်ချက်

ရိုနေဆန်းလွင်
RB News
3.1.2017

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ထုတ် မြန်မာအစိုးရ သတင်းစာများနဲ့ MRTV သတင်းတွေမှာ ကျွန်တော် Ro Nay San Lwin ရဲ့ Facebook အကောင့်ကနေ သတင်းမှားတွေ ဖြန့်နေတဲ့ အကြောင်း၊ မောင်တောခရိုင် ခမောင်းဆိပ်မြို့မှာ ကာကွယ်ဆေးထိုးပြီးနောက် ကလေးတစ်ဦး သေဆုံးသွားတာ မမှန်ကန်တဲ့ အကြောင်း၊ အဲဒီကလေးငယ်က သူ့ဟာသူ အခြားဝေဒနာနဲ့ သေဆုံးသွားတာ ဖြစ်ကြောင်း ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။

အဲဒါအပြင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့မှာ ဗွီအိုအေမြန်မာပိုင်းက ကိုစည်သူအောင်မြင့်ရဲ့ ဆောင်းပါးမှာ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက သတင်းမှားတွေနဲ့ ၀ါဒဖြန့်နေတဲ့ အကြောင်း၊ ပြီးတော့ ကျွန်တော့်ရဲ့ Facebook မှာ ရေးခဲ့တဲ့ ကာကွယ်ဆေးကိစ္စက သတင်းမှား ဥပမာ တစ်ခု ဖြစ်တယ်လို့ အစိုးရသတင်းတွေကို ကိုးကားပြီး စွပ်စွဲထားပါတယ်။

ကိုစည်သူအောင်မြင့် ဆိုတာကတော့ တပ်မတော် ထောက်လှမ်းရေးက စစ်ဗိုလ်ချုပ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်အောင်ရဲဝင်း တို့နဲ့ ဗိုလ်သင်တန်း အပတ်စဉ် ၂၅ အတူတက်ခဲ့သူ တစ်ဦးပါ။ သူက ဗိုလ်သင်တန်းကျောင်းက ထုတ်ခံရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီထဲ ၀င်ရောက်ခဲ့တယ်။ အဲဒီနောက်မှာ အခု စာနယ်ဇင်းသမား တစ်ဦးအနေနဲ့ ရပ်တည်နေသူဖြစ်တယ် ဆိုတာ သူနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြလို့ သိရတယ်။ ဒါကို ဒီဆောင်းပါးမှာ ထည့်ရေးခြင်း အကြောင်းရင်းက ဘာကြောင့် စစ်လော်ဘီတစ်ဦး ဖြစ်နေရသလဲ ဆိုတာ သိသာအောင်ပါ။

ကာကွယ်ဆေးကိစ္စနဲ့ ပတ်သက်ပြီး ရေးပါမယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ မောင်တောခရိုင်၊ ခမောင်းဆိပ်မြို့ ၊ အမှတ် (၄) ရပ်ကွက် (မင်းခမောင်း ရပ်ကွက်)၊ မကျည်းချောင်း ကျေးရွာက ကျန်းမာရေး လုပ်သားတစ်ဦးဖြစ်တဲ့ ဦးမာမတ်အူမောရ်က တမန်းသားကျေးရွာ အခြေစိုက် ကျန်းမာရေးမှူးရဲ့ ညွန်ကြားချက်အရ ကာကွယ်ဆေးထိုးဖို့အတွက် မကျည်းချောင်းရွာမှာ ရှိတဲ့ တစ်နှစ်အောက် ကလေးတွေရဲ့ စာရင်းကို ပြုစုခဲ့တယ်။ ကလေးတွေရဲ့ မိဘတွေက ကာကွယ်ဆေး မထိုးချင်ဘူး၊ ကာကွယ်ဆေးထိုးရင် ကလေးတွေ ဖျားတတ်တယ် ဆိုပြီး စာရင်း မပေးကြလို့ ကျန်းမာရေး လုပ်သားဖြစ်တဲ့ ဦးမာမတ်အူမောရ်က မထိုးလို့မရဘူး၊ ဒါက အစိုးရ အမိန့်၊ မထိုးရင် ဖမ်းဆီးထောင်ချခံရမယ်၊ ငွေညှစ်ခံရမယ်၊ မင်းတို့ ဆင်းရဲသားတွေ ငွေဘယ်လိုပေးနိုင်မလဲ၊ ငွေမပေးနိုင်ရင် ထောင်ချခံရမယ်လို့ ခြိမ်းခြောက်ပြီး စာရင်းကောက်ခံခဲ့တယ်။

ဒီဇင်ဘာလ (၂၃) ရက်နေ့ မနက် (၉) နာရီ အချိန်မှာ မင်းခမောင်းရပ်ကွက်မှာ တာဝန်ကျနေတဲ့ သူနာပြု (သွားဖွားဆရာမ) ဒေါ်မြကေခိုင်၊ ရဲအောင်ရွာမှာ တာဝန်ကျနေတဲ့ သူနာပြု၊ ခွဆုံရွာမှာ တာဝန်ကျနေတဲ့ သူနာပြုတွေနဲ့ မင်းခမောင်း ကင်းစခန်းက နယ်ခြားစောင့်ရဲ (၅) ယောက်တို့ဟာ မင်းခမောင်းရပ်ကွက် ဆေးခန်းကို ရောက်ရှိလာပြီး ကလေးတွေကို ဆေးထိုးပေးခဲ့တယ်။ မနက် ၉း၃၀ နာရီမှာ မင်းခမောင်းရပ်ကွက်၊ မကျည်းချောင်းရွာက ဦးနူရ်အာလောမ်ရဲ့ (၈) လ အရွယ်သားလေး ယာစီးန်ဂျူဟာရ်ကိုလည်း ဆေးထိုးပေးခဲ့ပြီး၊ အခြား ကလေး အယောက် ၂၀ ကျော်ကို ဆေးထိုးပေးခဲ့တယ်။

ဆေးထိုးပေးပြီး ခဏအကြာမှာ ကလေးတွေ အန်တယ်၊ ၀မ်းသွားတယ်၊ နွမ်းနယ် ပင်ပန်းလာပြီး ငိုက်လာတဲ့ လက္ခဏာတွေ မြင်တွေ့လာရတယ်။ နောက်တော့ ယာစီးန်ဂျူဟာရ် အပါအ၀င် ကလေးငယ် (၇) ယောက် အသက်စိုးရိမ်ဖွယ် အခြေအနေကို ရောက်ရှိလာပြီး ည ၉ နာရီ အချိန်မှာ ယာစီးန်ဂျူဟာရ် သေဆုံးသွားခဲ့တယ်။

ဦးရှော်ဖီအာလောမ်၏ (၈) လ အရွယ် အမွှားပူး သမီးနှစ်ဦးဖြစ်တဲ့ ဂျန္နသ်တာရာနဲ့ ကော်ဆေရာ၊ ဦးဇာဟိတ်ဟူစိန်းရဲ့ (၇) လ အရွယ်သမီး ဟာရေဆာ၊ ဦးနူရ်ဆလာမ်ရဲ့ (၈) လ အရွယ်သား အာဇီဇုလ်မုစ်တာဖာ၊ ဦးကာမာလ်ဟူစိန်းရဲ့ (၉) လ အရွယ်သား နော်ဂျီမူလ္လာနဲ့ အခြားကလေးတစ်ဦးတို့ အသက်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေလို့ ဒီဇင်ဘာလ (၂၄) ရက်နေ့မှာ တမန်းသား ကျန်းမာရေးဌာနကို ပို့ဆောင်ပြီး ဆေးကုသခဲ့ရတယ်။

ဒီဇင်ဘာလ (၂၅) ရက်နေ့မှာ ဒေါ်မြကေခိုင် အပါအ၀င် သူနာပြု သုံးယောက်၊ မင်းခမောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး၊ တမန်းသားရွာ အခြေစိုက် ကျန်းမာရေးမှူး၊ နယ်ခြားစောင့်ရဲတွေနဲ့ ကျန်းမာရေးလုပ်သား ဦးမာမတ်အူမောရ် တို့က ဦးနူရ်အာလောမ်ကို ခေါ်ပြီး ယာစီးန်ဂျူဟာရ်ကို ကာကွယ်ဆေး ထိုးပေးခဲ့ခြင်းမရှိ ဟုဆိုပြီး အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်။ ပြီးတော့ တစ်ယောက်ယောက် လာမေးရင်လည်း ဆေးမထိုးပေးခဲ့ဘူး၊ ၀မ်းပျက်ဝမ်းလျှော ရောဂါနဲ့သာ သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ပြောဖို့၊ တကယ်လို့ ကာကွယ်ဆေး ထိုးပေးတာကြောင့် သေဆုံးခဲ့တာလို့ ပြောရင် ဖမ်းဆီး ထောင်ချမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်။ အဲဒီနောက် ကလေးရဲ့ ကာကွယ်ဆေးထိုး မှတ်တမ်းကိုလည်း လဲပေးလိုက်တယ်။

ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ တမန်းသားရွာ အခြေစိုက် ကျန်းမာရေးမှူး၊ မင်းခမောင်း ရပ်ကွက် အုပ်ချုပ်ရေးနဲ့ ရပ်မိရပ်ဖတွေနဲ့ နယ်ခြားစောင့်ရဲတွေဟာ မကျည်းချောင်းရွာကို ရောက်ရှိလာပြီး ကာကွယ်ဆေး ထိုးခံခဲ့ရတဲ့ ကလေးမိဘတွေကို ခေါ်ပြီး ယာစီးန်ဂျူဟာရ် သေဆုံးခဲ့ရတာက ကာကွယ်ဆေးကြောင့် မဟုတ်ဘဲ၊ သူ့ကံတရားကြောင့် အသက်သေဆုံးသွားခဲ့ရတာ ဖြစ်ကြောင်း၊ ကာကွယ်ဆေး အပေါ် သံသယ မ၀င်ဖို့၊ အခု ၀မ်းပျက်ဝမ်းလျှော ရောဂါက အခြားရွာတွေမှာလည်း ဖြစ်နေကြောင်း၊ အဲဒါကြောင့် မိဘတွေ အနေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ ရေကိုကျိုချက်ပြီး သောက်သုံးဖို့၊ မသန့်ရှင်းတဲ့ အစားအစာတွေ ရှောင်ရှားဖို့ မှာကြားပြီး၊ သောက်ဆေး အချို့ပေးခဲ့တယ်။

အဲဒါတွေအပြင် အခြေအနေ စိုးရိမ်ဖွယ်ရာ ဖြစ်နေတဲ့ ကလေး (၆) ယောက်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးလာရင် သူ့ကို ခေါ်ဖို့၊ ဒါမှမဟုတ်ရင် တမန်းသား ကျန်းမာရေးဌာနကို ပို့ဖို့ မှာကြားခဲ့တယ်။ အဲဒီကလေး (၆) ယောက်ရဲ့ ကျန်းမာရေး အခြေအနေကတော့ အခုထိ စိုးရိမ်နေရဆဲပါ။

NGO ၀န်ထမ်းတစ်ဦးကတော့ ကာကွယ်ဆေးတွေကို အအေးခန်းထဲမှာ မထားလို့ အခုလို ကလေး သေဆုံးရတဲ့ အထိ ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သာမာန် ရိုဟင်ဂျာ ပြည်သူတွေကို ဆေးကုသခွင့် မပေးထားတဲ့ အချိန်မှာ အခု ကလေးတွေကို အတင်းအဓမ္မ ခေါ်ပြီး ဆေးထိုးခိုင်းတာက သံသယ ဖြစ်စရာပါ။

အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းကစပြီး စစ်တပ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အနည်းဆုံး အပြစ်မဲ့ ရိုဟင်ဂျာ ပြည်သူ ၄၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊ နေအိမ်ပေါင်း ၂၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ မိန်းကလေးငယ်များ အပါအ၀င် အမျိုးသမီး ၃၀၀ နီးပါးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့တယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ထဲမှာ အစိုးရက စာနယ်ဇင်းသမား ၁၃ ဦးကို ရွေးချယ်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ ရွာအချို့ကို ခေါ်သွားခဲ့တယ်။ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ ရွာတွေကိုတော့ ခေါ်မသွားခဲ့ဘူး။ အချို့ စာနယ်ဇင်းသမားတွေက အမှန်တရား တစ်ချို့ကို သိခဲ့ပေမယ့် ဖော်ထုတ်ဖို့ မ၀ံ့မရဲ ဖြစ်နေတဲ့ ပုံစံမျိုး တွေ့နေရပေမယ့် စစ်လော်ဘီ တစ်ဦးဖြစ်တဲ့ ကိုစည်သူအောင်မြင့် ကတော့ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ရိုက်ကူးထားတဲ့ ဗီဒီယို ထွက်လာတာတောင် အစိုးရ လက်နက်ကိုင် အဖွဲ့တွေက ရာဇ၀တ်မှု လုံးဝ မကျူးလွန်ခဲ့တဲ့ ပုံစံမျိုးနဲ့ ၀ါဒဖြန့်နေတာကတော့ အလွန်ကို ရှက်ဖို့ ကောင်းပါတယ်။

ရိုဟင်ဂျာအရေး လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကျွန်တော့်ရဲ့ နာမည်ကို တပ်ပြီး သတင်းမှားတင်နေသူလို့ စွပ်စွဲနေတာကတော့ အလွန်ကို ရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။ ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေမှာ တင်ထားတဲ့ ဗီဒီယို၊ ဓါတ်ပုံနဲ့ သတင်းတွေမှာ အမှားတစ်ခုမှ မပါဘူးဆိုတာ ကြိုက်တဲ့ပုံစံနဲ့ အာမခံရဲတယ်။ အခုရေးထားတဲ့ ခမောင်းဆိပ်မြို့က ကာကွယ်ဆေး ကိစ္စမှာ အစိုးရက သေချာ အကွက်ချစီစဉ်ပြီးမှ ကျွန်တော့်ကို နာမည်ဖျက်ဖို့ လုပ်ခဲ့တာပါ။ အဲဒါကို သတင်းသမားတစ်ဦး ဖြစ်သူ ကိုစည်သူအောင်မြင့်က မြေပြင်က သတင်းအမှန်ကို မစုံစမ်းဘဲ စစ်လော်ဘီ တစ်ဦးပီပီ ဗွီအိုအေမြန်မာပိုင်းမှာ နာမည်ကိုင်ပြီး စွပ်စွဲတာကတော့ ကိုယ့်ရဲ့ သတင်းသမား သိက္ခာကို ကိုယ့်ဟာကိုယ် ချလိုက်တာနဲ့ အတူတူပါပဲ။ ငါးခူရကျေးရွာက အသတ်ခံရသူနဲ့ ပတ်သက်ပြီးတော့လည်း အစိုးရ သတင်းကိုသာ ကိုးကားပြီး ပြောနေတာကိုက သတင်းသမား မပီသဘူးဆိုတာ ပြနေတယ်။

ကျွန်တော့် အနေနဲ့ “ဒီအစိုးရက ရိုဟင်ဂျာတွေကို နည်းပေါင်းစုံနဲ့ ဆက်ပြီး သတ်ပါလိမ့်မယ်” လို့ ရေးခဲ့ပါတယ်။ အဲဒါကလည်း လူပေါင်း ၄၅၀ ကျော်ကို မညှာမတာ သတ်ခဲ့တဲ့ အတွက် ရေးခဲ့ရခြင်း ဖြစ်ပြီး၊ နောက်နောင် မသတ်တော့ပါဘူးလို့ အစိုးရ ကိုယ်တိုင်က အာမခံထားခြင်း မရှိတဲ့ အတွက် ဘယ်လိုပုံစံမျိုးနဲ့ ဆက်သတ်မလဲဆိုတာ စိုးရိမ်နေရဆဲပါ။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ထုတ် သတင်းစာဖြတ်ပိုင်း



Comment ရေးရန်

Rohingya Exodus