နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြောက်ပိုင်းမှ နွားရောင်းသူနှင့် နွားဝယ်သူတို့ကို ဖမ်းဆီး၍ ငွေညှစ်၊ နွားများသိမ်းဆည်း

Rohingya Eye
RB News
11.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာမှ နွားရောင်းချသည့် သားအဖနှစ်ဦးနှင့် လှိုင်းချီးကျေးရွာမှ နွားဝယ်သူတို့ကို အာဏာပိုင်များက ဖမ်းဆီး၍ နွားဝယ်သူထံမှ ငွေညှစ်ခဲ့ပြီး၊ နွားရောင်းသူ၏ နွားများကို သိမ်းယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာမှ ဦးအဘူဆီးဒိတ် (ဘ) ဦးအဒူကော်ရိမ် (အသက် ၅၀ နှစ်) သည် စားဝတ်နေရေး အကျပ်အတည်း ကြုံတွေ့သဖြင့် နွားထီး ၅ ကောင် ရှိရာမှ နွား ၂ ကောင်ကို လှိုင်းချီးကျေးရွာမှ ဒေသခံတစ်ဦးကို ငွေကျပ် ၈ သိန်းဖြင့် ရောင်းချခဲ့သည်။ နွားများကို ၀ယ်ယူသူသည် လှိုင်းချီးကျေးရွာသို့ သယ်ယူသွားနေစဉ် လမ်းတစ်ဝက်တွင် ကျေးရွာ တာဝန်ခံဖြစ်သူ ဦးမူရ်တာဇာ (ဘ) ဦးဘော်ရှီရ်က ဖမ်းဆီး၍ ၎င်း၏ နေအိမ်တွင် ချုပ်နှောင်ထားခဲ့သည်။ 

ထို့အပြင် နွားများရောင်းချသူ ဦးအာဘူဆီးဒိတ်နှင့် သားဖြစ်သူ ဦးအဒူဆလာမ် (အသက် ၃၀ နှစ်) တို့ကိုလည်း ဖမ်းဆီး၍ လားညှာချောင်းရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အပ်နှံခဲ့သည်။ 

ယင်းနေ့ ညနေ ၅ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲများက ထိုမှတဆင့် အောင်ဇူး ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ ၂ ရုံးသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။ အဆိုပါ နယ်မြေရုံးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဦးအာဘူဆီးဒိတ်၏ သွားနှစ်ချောင်း ကျိုးသွားခဲ့သလို၊ ကျန်နှစ်ဦး၏ မျက်နှာများလည်း ယောင်ယမ်း၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲများက နွားဝယ်သူထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ပြီး၊ နွားရောင်းချသူ၏ နွားနှစ်ကောင်ကို သိမ်းယူ၍ ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် (၃) ဦးလုံးကို ပြန်လည် လွှတ်ပေးခဲ့သည်။ 

ကျေးရွာတာဝန်ခံများအား နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းရန် အမိန့်ပေးထားသဖြင့် ကျေးရွာတာဝန်ခံများကလည်း ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်ရာတွင် ပါဝင်နေရပြီး၊ လက်နက်ကိုင် အာဏာပိုင်များ၏ အမိန့်များကြောင့် ဒေသခံများ အလွန်ဒုက္ခရောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus