နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဘုရားပြင်အောင်ပတွင် နယ်ခြားစောင့်ရဲ၊ စ.ရ.ဖ နှင့် စစ်တပ်တို့က ရွာသားများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်

MYARF
RB News
15.2.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် စစ်တပ်တို့က ရွာသားများထံမှ နည်းမျိုးဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် ၎င်း၏ လက်ထောက်ဖြစ်သူ တပ်ကြပ်ကြီး သိန်းစိန်တို့သည် ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဘုရားပြင်အောင်ပ ကျေးရွာမှ ဈေးဆိုင်ရောင်းသူ ဦးဒိလ်မာမတ် (ဘ) ဦးအဒူလာမီးန်၊ မော်လ၀ီဦးအဒူလ္လာ (ဘ) ဦးအဒူလာမီးန်၊ မော်လ၀ီမာမတ်အာမီးန် (ဘ) ဦးကော်ဘိရ် တို့ကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းစီ၊ စုစုပေါင်း ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့တွင်လည်း ဘုရားပြင်အောင်ပ ကျေးရွာမှ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးအာဘူလ်ဟာရှိမ်း ကို ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ 

“အားလုံးကို မောင်တောက နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ခြိမ်းခြောက် ငွေညှစ်တာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေ အခြေစိုက် စ.ရ.ဖ မှ တာဝန်ရှိသူနှင့် ၎င်း၏ သတင်းပေး ဘုရားပြင်အောင်ပရွာမှ ဦးရှိချာ (ဘ) ဦးမာမတ်ရှော်ရိဖ် တို့သည် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ရပ်ကွက် (၉) မှ မော်လ၀ီအဒူဟာလဲခ် ကို ခြိမ်းခြောက်၍ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ 

ညောင်းချောင်းကျေးရွာရှိ အထက်တန်းကျောင်းတွင် စခန်းချထားသည့် စစ်တပ်မှ တပ်ရင်းမှူးက ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ကို ဆင့်ခေါ်၍ စစ်သားများ အတွက် အစားအသောက်များကို ကျေးရွာမှ တာဝန်ယူ၍ ပေးရန် ပြောခဲ့သည်။ စစ်တပ်က တောင်းခံသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက အခွင့်ကောင်းယူ၍ ရာအိမ်မှူးများကို ခေါ်ကာ အိမ်လေးလုံးစီ ပေါင်း၍ ငွေကျပ် တစ်သောင်း တန်ဖိုးရှိသော ကြက်တစ်ကောင်စီ ကောက်ခံရန် အမိန့်ပေးခဲ့သည်။ သို့ဖြစ်၍ ရာအိမ်မှူးများကလည်း အုပ်ချုပ်ရေးမှူး၏ အမိန့်အတိုင်း အိမ်လေးလုံးပေါင်း၍ ကြက်တစ်ကောင်စီ ကောက်ခံလျက် ရှိသည်။ ကြက်မရှိသူများထံမှ အိမ်တစ်အိမ်လျှင် ငွေကျပ် ၂၅၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အသွားအလာ ပိတ်ဆို့ထား၊ ထင်းခုတ်ရန် တောင်သို့လည်း သွားခွင့်မပြု၊ ငါးဖမ်းရန် မြစ်ချောင်းသို့လည်း ဆင်းခွင့်မပြုသဖြင့် ရိုဟင်ဂျာများ စားဝတ်နေရေး အခက်ကြုံနေရသည့် အခြေအနေတွင် စစ်တပ်ကို ထမင်းကျွေးရန်ဟု ဆိုကာ ကြက်များ၊ ငွေများ ကောက်ခံနေခြင်းသည် ရွာသားများအတွက် အလွန်ကြီးလေးသော ၀န်ထုပ်ဝန်ပိုး ဖြစ်နေသည်။ မပေးလျှင်လည်း ဖမ်းဆီးခံရမည်ဟု ခြိမ်းခြောက်လျက်ရှိသည်။ အချို့သော ဆင်းရဲသော မိသားစုများမှာ ကိုယ်တိုင် အငတ်ခံ၍ စစ်တပ်အတွက် ပေးနေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ဘုရားပြင်အောင်ပ ကျေးရွာတွင် ရွာသားများက အလှူပွဲ၊ မင်္ဂလာပွဲ ပြုလုပ်လျှင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ခွင့်ပြုကြေးဟု ဆိုကာ ငွေကျပ် ၂၅၀၀၀ မှ ၅၀၀၀၀ ထိ ကောက်ခံသည်ဟု ဒေသခံများက ဆိုသည်။ 


Comment ရေးရန်

Rohingya Exodus